သက်တံ့
၂. ၁၀. ၂၀၂၆
ပြီးခဲ့သည့်လကုန်ပိုင်းက မလေးရှား ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဒဏ်ရာရရှိစေခဲ့မှု ပူးတွဲစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ယနေ့ အောက်တိုဘာ ၂ ရက် (သောကြာနေ့) တွင် မလေးရှားနိုင်ငံ ရော့ဘ် (Raub) မြို့နယ် စက်ရှင်တရားရုံးသို့ ရုံးထုတ်စွဲဆိုခဲ့သည်။
သို့သော်လည်း အသက် ၂၆ နှစ်နှင့် ၃၀ အရွယ်ရှိ မြန်မာအမျိုးသားနှစ်ဦးသည် မလေးရှားဘာသာစကား (Bahasa Malaysia) ကို နားမလည်သည့်အတွက် စွပ်စွဲချက်အား ဖတ်ပြနိုင်ခဲ့ခြင်း မရှိပေ။ တရားလိုပြ အစိုးရရှေ့နေများဖြစ်ကြသည့် Wong Zhi Qian နှင့် Hardave Singh Baldeb Singh တို့က စွပ်စွဲခံရသူ နှစ်ဦးတွင် မလေးရှား၌ နေထိုင်ရန် တရားဝင် အထောက်အထားများ မရှိသည့်အတွက် အာမခံ လျှောက်ထားခွင့် မပြုခဲ့ကြပေ။
ထို့ကြောင့် တရားသူကြီး Siti Hajar Mustaffa က မြန်မာစကားပြန် ရရှိနိုင်ရေးအတွက် အမှုအား အောက်တိုဘာ ၁၄ ရက်သို့ ချိန်းဆိုလိုက်ပြီး စွပ်စွဲခံရသူနှစ်ဦးကိုလည်း အာမခံ ပယ်ချခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က Kampung Pamah Kulat တွင် ဆူညံမှုပြုလုပ်နေသဖြင့် သွားရောက်သတိပေးခဲ့သည့် အသက် ၄၀ အရွယ် ရဲတပ်ကြပ်တစ်ဦးသည် အဆိုပါ မြန်မာအမျိုးသားနှစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ပါဟန်ပြည်နယ် ဒုတိယ ရဲမှူးကြီး Datuk Azry Akmar Ayob ၏ ပြောကြားချက်အရ လမ်းဘေးတွင် မူးယစ်ပြီး သီချင်းသံများ ကျယ်လောင်စွာ ဖွင့်ထားသည့် သံသယရှိသူများကို အရေးယူပေးရန် ဒေသခံများ၏ တိုင်ကြားချက်အရ အဆိုပါ ရဲအရာရှိက သွားရောက်ဆောင်ရွက်စဉ် ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Ref: The Star / Bernama
