သက်တံ့
၁. ၁၀. ၂၀၂၆
မြန်မာနိုင်ငံရှိ သဖန်းဆိပ်ဆည်မှ လွှတ်ထုတ်လိုက်သော ရေများသည် ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက်စီးဝင်ခြင်းမရှိသည့်အပြင် ထိုင်းနိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းလည်း မဟုတ်ပါကြောင်း ထိုင်းမိုးလေဝသဌာန (TMD) က ယနေ့တွင် ရှင်းလင်းချက် ထုတ်ပြန်ပြောကြားလိုက်သည်။
ပြီးခဲ့သည့်စက်တင်ဘာလကုန်ပိုင်းအတွင်း ထိုင်းနိုင်ငံတစ်ဝန်းလုံး ရေကြီးရေလျှံမှုများကြောင့် လူ ၂၄ ဦး သေဆုံးမှုနှင့် ဒေါ်လာသန်း ၄၀၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သဖြင့် ရေကြီးရေလျှံမှုများကို စိုးရိမ်ကြောက်ရွံ့နေသည့် ထိုင်းပြည်သူများအကြား သဖန်းဆိပ်ဆည်မှ ရေလွှတ်ထုတ်မှုများကြောင့် ထိုင်းနိုင်ငံပေါ် သက်ရောက်မှုရှိလာနိုင်မည်လားဆိုသည့် စိုးရိမ်ပူပန်မှု သတင်းများနှင့် ပတ်သက်၍ TMD က ယခုကဲ့သို့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
◾️ သဖန်းဆိပ်ဆည်မှ ရေများက မူးမြစ်နှင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်
TMD၏ ပြောကြားချက်အရ သဖန်းဆိပ်ဆည်မှ ရေများသည် မူးမြစ်ကြောင်းအတိုင်း တောင်ဘက်သို့ စီးဆင်းပြီးမှ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ ဧရာဝတီမြစ်နှင့် သွားရောက်ပေါင်းဆုံခြင်း ဖြစ်သည်။
သဖန်းဆိပ်ဆည်သည် ထိုင်းနိုင်ငံ၏ မြစ်ချောင်းစနစ်များနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိသည့် သီးခြားမြစ်ဝှမ်းဒေသတွင် တည်ရှိနေခြင်းဖြစ်သည်ဟုလည်း မိုးလေဝသဌာနက ရှင်းပြသည်။
ထို့ကြောင့် သဖန်းဆိပ်ရေကာတာမှ ရေလွှတ်ထုတ်လိုက်သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်မည်မဟုတ်ဘဲ ရေကြီးရေလျှံမှုကိုလည်း ဖြစ်ပေါ်စေမည်မဟုတ်ကြောင်းလည်း ရှင်းလင်းပြောကြားထားသည်။
◾️ ထိုင်းနိုင်ငံအတွင်း မိုးရွာသွန်းမှုအခြေအနေကိုသာ ဆက်လက်စောင့်ကြည့်ရန် TMD တိုက်တွန်း
ရာသီဥတုအခြေအနေများသည် ပြောင်းလဲနိုင်သဖြင့် ထိုင်းနိုင်ငံအတွင်း မိုးရွာသွန်းမှုအခြေအနေများကို အနီးကပ် ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်း TMD က အလေးပေးပြောကြားခဲ့သည်။
ဌာနက ထုတ်ပြန်သည့် တရားဝင်သတင်းထုတ်ပြန်ချက်များနှင့် ထိုင်းနိုင်ငံအတွက် မိုးလေဝသခန့်မှန်းချက်များကို ပြည်သူများအနေဖြင့် ဆက်လက်စောင့်ကြည့်လေ့လာကြပါရန်လည်း တိုက်တွန်းထားသည်။
နယ်နိမိတ်ရှည်လျှားစွာထိစပ်နေသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား သံလွင်မြစ်၊ မဲခေါင်မြစ်နှင့် သောင်ရင်းမြစ်တို့အပြင် မြစ်ငယ်အချို့ ဖြတ်သန်းစီးဆင်းနေသော်လည်း သဖန်းဆိပ်ဆည်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိကာ ထိုင်းနိုင်ငံနှင့် မိုင်ရာချီဝေးကွာသည့်အပြင် မူးမြစ်၊ ဧရာ၀တီမြစ်ကဲ့သို့သော မြန်မာနိုင်ငံအတွင်းသာသီးသန့်တည်ရှိသည့် မြစ်များနှင့်သာ ထိစပ်နေသောမြစ်ဖြစ်သည်။
Ref: Nation Thailand
