၁.၁၀.၂၀၂၆
Translated by Htwe Ko Tun
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းမြို့မှ အစ္စရေးနိုင်ငံသို့ ပျံသန်းလာသော Flydubai လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပေါ်တွင် ပျံသန်းနေစဉ်အတွင်း တွဲဖက်လေယာဉ်မှူးဖြစ်သူက လေယာဉ်မှူးကို ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကို ပျက်ကျစေရန် ကြိုးပမ်းမှုတစ်ရပ် စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းလာသော Flydubai လေယာဉ်၏ လေယာဉ်မှူးမှာ အိန္ဒိယနိုင်ငံသား စမစ် မာ့ချ် ချဟာ ဆိုသူဖြစ်ပြီး ၎င်းအား အိုမန်နိုင်ငံသားဖြစ်သူ တွဲဖက်လေယာဉ်မှူးက လေယာဉ်ပျံသန်းနေစဉ် ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တွဲဖက်လေယာဉ်မှူး၏ တိုက်ခိုက်မှုကြောင့် စမစ် မာ့ချ် ချဟာ၏ ဦးခေါင်းနှင့် လက်တို့တွင် ဓားဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ခရီးသည်အချို့က ပြောကြားခဲ့ကြသည်။ ထို့နောက် လက်ထောက်လေယာဉ်မှူးက အစ္စရေးလူမျိုးများ အပြည့်ပါလာသော ထိုလေယာဉ်ကို ပျက်ကျစေရန် ဆက်လက်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း လေယာဉ်မှာ နှစ်မိနစ်အတွင်း ပေ ၁၇,၀၀၀ ခန့် လေထဲတွင် ထိုးစိုက်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသား လေယာဉ်မှူးမှာ ဓားထိုးခံရသဖြင့် ဒဏ်ရာများရကာ လေယာဉ်ကြမ်းပြင်ပေါ်တွင် လဲကျနေသော်လည်း ဓားကိုင်ဆောင်ထားသော တွဲဖက်လေယာဉ်မှူးကို အစ္စရေးခရီးသည်များ ဝင်ရောက်နှိမ်နင်းနိုင်ရန် မသေမီ နောက်ဆုံးကျန်ရှိသော စွမ်းအားဖြင့် လေယာဉ်မောင်းခန်းတံခါးကို ပွင့်သွားစေရန် ခလုတ်နှိပ်ပေးနိုင်ခဲ့သည်။
ထိုအချိန်တွင် အစ္စရေးခရီးသည်အချို့က မသင်္ကာဖွယ်ရာ တစ်စုံတစ်ခု ဖြစ်နေသည်ဟု ယူဆကာ လေယာဉ်မောင်းခန်းအတွင်းသို့ အတင်းဝင်ရောက်လာစဉ် လေယာဉ်မှူးမှာ ဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရှိခဲ့ကြသည်။
ဓားဖြင့်ထိုးသူ အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးမှာမူ လေယာဉ်ထိန်းချုပ်ခုံပေါ်တွင် ရပ်ကာ ထုရိုက်ပြီး လေယာဉ်ကို ပျက်ကျအောင် ပြုလုပ်နေသည်ကို တွေ့ရသဖြင့် ခရီးသည်များက ၎င်းအား မလှုပ်ရှားနိုင်အောင် ဖမ်းဆီးထိန်းချုပ်လိုက်ပြီး လေယာဉ်ကို တည်ငြိမ်သွားအောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစ္စရေး သွားဆရာဝန် ဒေါက်တာ ရှိုတာ မူဆာယက်ဗ်က “ကျွန်တော် အော်သံကြားတော့ လေယာဉ်မောင်းခန်းထဲ ပြေးဝင်သွားခဲ့တယ်။ လေယာဉ်မောင်းခန်းထဲ ရောက်တော့ လေယာဉ်မှူးရဲ့ အခြေအနေက အရမ်းဆိုးနေတာကို တွေ့ရတယ်၊ အထူးသဖြင့် သူ့ခေါင်းကနေ သွေးတွေ အများကြီး ထွက်နေတယ်” ဟု ပြောခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်တော်က လေယာဉ်ပေါ်မှာ ပါလာတဲ့ တစ်ဦးတည်းသော ဆရာဝန်ပါ၊ နောက်ဆုံးတော့ သွေးထွက်တာကို ရပ်တန့်အောင် လုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ သွေးပေါင်ချိန်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်” ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံမှ ပြန်လာသည့် ဒေါက်တာ မူဆာယက်ဗ်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော အသက် ၃၉ နှစ်အရွယ် လေယာဉ်မှူးအား အရေးပေါ် ဆေးကုသမှု ပေးနိုင်ခဲ့သဖြင့် အသက်ကို ကယ်တင်နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်မှာလည်း နောက်ဆုံးတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ တာဘတ်မြို့သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ ထို့နောက် ခရီးသည်များအား Flydubai လေကြောင်းလိုင်းမှ ဒုတိယမြောက် လေယာဉ်တစ်စီးဖြင့် တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယွန် လေဆိပ်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ဆော်ဒီအာရေဗျမှ ထွက်ခွာခဲ့သော Flydubai လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်တွင် အစ္စရေးလူမျိုး ၁၆၆ ဦးနှင့် အခြားခရီးသည် ၈ ဦး ပါဝင်ကြောင်း သိရသည်။
ဓားထိုးခံခဲ့ရသော လေယာဉ်မှူး စမစ် မာ့ချ် ချဟာမှာ ဒူဘိုင်းတွင် နေထိုင်သူဖြစ်ပြီး Flydubai တွင် အတွေ့အကြုံ ၄ နှစ်ကျော် အပါအဝင် လေယာဉ်မှူးအဖြစ် စုစုပေါင်း ၁၃ နှစ် အတွေ့အကြုံရှိကြောင်း The Times of India တွင် ဖော်ပြထားသည်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက မာ့ချ် ချဟာအား “တကယ့်သူရဲကောင်း” ဟု ဂုဏ်ပြုပြောဆိုခဲ့ပြီး ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
Ref: Times of Israel
