သက်တံ့
၁၇. ၁၀. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် တောမီးငြှိမ်းသတ်ရာမှ လူ ၄ ဦး သေဆုံးခဲ့ရပြီး အဆိုပါတောမီးကြောင့် ဖြစ်ပေါ်လာသော အဆိပ်အတောက်ပါ မီးခိုးငွေ့များသည် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့နေသဖြင့် ကျောင်းများ ပိတ်ထားရပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ တိုးပွားလာကြောင်း အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။
လပေါင်းများစွာ ဖြစ်ပွားနေသော မီးလောင်မှုများ၏ ရိုက်ခတ်မှုကြောင့် ဒေသတွင်း လေထုအရည်အသွေးသည် ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီး ဤမီးလောင်မှုများအတွက် တာဝန်ရှိသည့် မည်သည့်ကုမ္ပဏီကိုမဆို ဥပဒေအရ အရေးယူမည်ဟု စင်ကာပူခေါင်းဆောင်က ကတိပြုပြောကြားခဲ့သည်။
သောကြာနေ့က IQAir ၏ တိုက်ရိုက်ထုတ်ပြန်သော ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မဟာမြို့ကြီးများ စာရင်းတွင် စင်ကာပူက ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေပြီး ကွာလာလမ်ပူက ဒုတိယနှင့် ဂျာကာတာက အဆင့် ၈ နေရာတွင် ရှိနေသည်။
“ခိုင်လုံတဲ့ အထောက်အထားရှိရင် စင်ကာပူရဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးဥပဒေ (Transboundary Haze Pollution Act) နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်သလို အခြားနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင် (Lawrence Wong) က အသေးစိတ်ကို ထပ်မံပြောကြားခြင်းမရှိဘဲ ဆိုသည်။
အဆိုပါဥပဒေသည် ပြည်ပတွင် လုပ်ကိုင်နေသော်လည်း စင်ကာပူနိုင်ငံအတွင်း ကျန်းမာရေး ထိခိုက်စေသည့် မီးခိုးမြူငွေ့အဆင့်အထိ ဖြစ်ပေါ်စေရန် အကြောင်းဖန်တီး သို့မဟုတ် ကူညီရာရောက်သည့် ကုမ္ပဏီများကို အာဏာပိုင်များက ပစ်မှတ်ထား အရေးယူခွင့် ပေးထားသည်။
သို့သော် မီးခိုးမြူငွေ့များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်ရာတွင် ပြည်ပအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုနေရသဖြင့် စုံစမ်းစစ်ဆေးရန် ခက်ခဲကြောင်း ဥပဒေကျွမ်းကျင်သူများက သတိပေးထားသည်။ စင်ကာပူတွင် စိုက်ပျိုးမြေ သို့မဟုတ် သစ်တောများ မရှိသော်လည်း အင်ဒိုနီးရှား၌ လုပ်ပိုင်ခွင့်ရရှိထားသော ကုမ္ပဏီအချို့မှာ စင်ကာပူတွင် အခြေစိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။
◾️ ရာသီဥတုကို ထိန်းချုပ်၍မရနိုင်
၂၀၁၅ ခုနှစ် မီးခိုးမြူငွေ့အကျပ်အတည်းတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော အင်ဒိုနီးရှားကုမ္ပဏီ ၄ ခုအား စင်ကာပူ၏ စုံစမ်းစစ်ဆေးမှုများမှာ ပွင့်လင်းစွာ ကျန်ရှိနေဆဲဖြစ်ပြီး ထိုစဉ်က ဂျာကာတာနှင့် ဆက်ဆံရေးကို တင်းမာစေခဲ့သည်။
အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက တောမီးလောင်မှုအတွက် တာဝန်ရှိသော ကုမ္ပဏီများကို စုံစမ်းစစ်ဆေးနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သော်လည်း သီးခြားအမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
အင်ဒိုနီးရှားတွင် ပွင့်လင်းရာသီ၌ တောမီးများ ပုံမှန်ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုနှင့်ရင်ဆိုင်ရကာ မီးလောင်မှုများ ပိုမိုပြင်းထန်ခဲ့သည်။ မိုးခေါင်ရေရှားမှုက မီးလောင်မှုကို အားပေးနေသော်လည်း သစ်တောပြုန်းတီးခြင်းနှင့် ပျော့ဖတ်မြေများ (Peatlands) ခြောက်သွေ့လာခြင်းတို့က ယခင်က မီးဒဏ်ခံနိုင်သော သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ရာသီဥတု ဒါမှမဟုတ် လေတိုက်နှုန်းကို ထိန်းချုပ်လို့ မရသလို နယ်စပ်ပြင်ပမှာ ဖြစ်ပျက်နေတာတွေကိုလည်း တိုက်ရိုက် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ စင်ကာပူနိုင်ငံသားတွေကို ကာကွယ်ဖို့ တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်သလို မြူခိုးငွေ့ဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းရင်းတွေကို ဖြေရှင်းဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟုလည်း ဝေါင်က ဆက်လက်ပြောကြားသည်။
သောကြာနေ့ မွန်းလွဲပိုင်း (ဒေသစံတော်ချိန်) တွင် စင်ကာပူ၏ လေထုညစ်ညမ်းမှုအဆင့်သည် IQAir ၏ လေထုအရည်အသွေးညွှန်းကိန်း (AQI) တွင် ၂၅၁ ခန့်အထိ မြင့်တက်လာပြီး “အလွန်ကျန်းမာရေး ထိခိုက်နိုင်သော” အဆင့်သို့ ရောက်ရှိခဲ့သည်။ ဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီ၏ စနစ်အရ ၁၅၁ မှ ၂၀၀ အထိကို ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်၊ ၂၀၁ ထိ ၃၀၀ ကို အလွန်ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်နှင့် ၃၀၀ အထက်ကို အန္တရာယ်ရှိသောအဆင့်ဟု သတ်မှတ်ထားသည်။
AFP သို့ အမည်မဖော်လိုသော စင်ကာပူဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက “စင်ကာပူရဲ့ ထင်ရှားတဲ့ အမှတ်အသားတွေကို အရင်လို မမြင်ရတော့ဘူး။ ပုံမှန်ဆိုရင် အမျိုးသားအားကစားကွင်းအထိ အဝေးကြီး မြင်ရပေမဲ့ ဒီနေ့တော့ ဘာမှကို မမြင်ရတော့ဘူး” ဟု ပြောကြားခဲ့သည်။
အဆိုပါ မီးခိုးငွေ့များသည် တောမီးလောင်မှုများ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ပြီး ကြာသပတေးနေ့က အရှေ့ဂျာဗားရှိ Bromo Tengger Semeru အမျိုးသားဥယျာဉ်တွင် တောမီးငြှိမ်းသတ်ရင်း လူ ၄ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား သစ်တောဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အခြား ၂ ဦးမှာ ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။
“ဒီဖြစ်စဉ်ဟာ သစ်တောနဲ့ မြေပြင်တောမီး ငြှိမ်းသတ်ရေးဟာ အန္တရာယ်ကြီးမားတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို သတိပေးလိုက်တာဖြစ်ပါတယ်” ဟု ဆိုကာ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးသည် အဓိကထားရမည့် ကိစ္စဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်၌ပင် “ဦးစားပေး ပြည်နယ် ၆ ခု” ရှိ နေရာအချို့တွင် အပူလွန်ကဲသည့် နေရာ (Hotspots) ၆၁၅ ခုအထိ ရုတ်တရက် အဆမတန် တိုးပွားလာကြောင်း ဖော်ပြထားသည်။ Hotspots ဆိုသည်မှာ ဂြိုဟ်တုမှတစ်ဆင့် ပုံမှန်မဟုတ်ဘဲ အပူချိန်အလွန်မြင့်မားနေသည်ကို တွေ့ရှိရသည့် နေရာဖြစ်ပြီး မီးလောင်မှု သို့မဟုတ် အခြားပြင်းထန်သော အပူရင်းမြစ် ရှိနေနိုင်ကြောင်း ညွှန်ပြနေသည်။
◾️ အသက်ရှူရခက်ခဲခြင်းနှင့် လေကြောင်းခရီးစဉ်များ ထိခိုက်မှု
အင်ဒိုနီးရှား၊ ဗဟိုကာလီမန်တန်ပြည်နယ်ရှိ ပါလန်ကာရာယာ (Palangkaraya) မြို့တွင် သောကြာနေ့က လေထုညစ်ညမ်းမှုအဆင့်သည် IQAir ၏ စာရင်းအရ ၃၀၀ အထက် အန္တရာယ်ရှိသော ဇုန်အတွင်း ရောက်ရှိနေခဲ့သည်။
သို့သော် ဒေသခံအများအပြားမှာ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ဈေးဆိုင်ပိုင်ရှင်များလည်း ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနေကြသော်လည်း မီးခိုးမြူငွေ့များ၏ အကျိုးဆက်ကိုမူ ခံစားနေကြရသည်။
“အသက်ရှူရတာ ခက်ခဲလာတယ်၊ စီးပွားရေးမှာလည်း ရိုက်ခတ်မှုရှိတယ်” ဟု အသက် ၄၃ နှစ်အရွယ် အင်ဒိုနီးရှားအများစုကဲ့သို့ အမည်တစ်လုံးတည်းသာရှိသူ ဆိုင်ရှင် ဆီဟန် (Syehan) က ပြောသလို “အရင်က လူတွေက ကုန်ခြောက်တွေဝယ်ဖို့ ဝေးဝေးလံလံကနေ ဈေးကို လာကြတာ။ ခုရက်ပိုင်းတော့ ဈေးကို မလာကြတော့ဘူး” ဟု ဆက်လက် ပြောသည်။
အဆိုပါ မီးခိုးမြူငွေ့များသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒေသတွင်း လေကြောင်းပျံသန်းမှုများကိုပါ ထိခိုက်စေခဲ့သည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် မီးခိုးမြူငွေ့များ စတင်ရိုက်ခတ်ခဲ့ပြီးကတည်းက လေကြောင်းခရီးစဉ်ပေါင်း ၂,၀၂၀ ကျော် ထိခိုက်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် လူ့ခ်မန်း (Lukman F. Laisa) က ပြောကြားခဲ့သည်။ ထိုအထဲတွင် ခရီးစဉ် ၁,၀၆၇ ခုကို ဖျက်သိမ်းခဲ့ရပြီး၊ ခရီးစဉ် ၉၁၉ ခု လေယာဉ်ထွက်ခွာချိန် နောက်ကျခဲ့ကာ အခြား ခရီးစဉ် ၁၈ ခုမှာ အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရကြောင်း သောကြာနေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: AFP
