၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသည်အထိ ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိ ဖြစ်ပေါ်နေနိုင်ကာ ပင်လယ်ရေမျက်နှာပြင် အပူချိန်များမှာလည်း စံချိန်တင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က အောက်တိုဘာလ ၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဤဖြစ်စဉ်သည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နေရန် ၁၀၀ ရာခိုင်နှုန်း နီးပါး သေချာသလောက်ရှိပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အပြင်းထန်ဆုံး အယ်လ်နီညိုဖြစ်စဉ်များထဲမှ တစ်ခုဖြစ်လာနိုင်ခြေရှိကြောင်း WMO ၏ အထွေထွေအတွင်းရေးမှူးချုပ် စီလီစတီး ဆောလိုက ပြောကြားခဲ့သည်။
အယ်လ်နီညို ဖြစ်စဉ် စတင်ဖြစ်ပေါ်ရာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပုံမှန်အပူချိန် ထက် ၃ ဒသမ ၇ ဒီဂရီ ဆယ်လ်စီးယပ်စ်အထိ မြင့်တက်လာနိုင်ကြောင်း WMO က ခန့်မှန်းထားသည်။
ဤပမာဏသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း မှတ်တမ်းတင်ခဲ့သည့် ယခင်စံချိန်ဟောင်းဖြစ်သည့် ပုံမှန်အပူချိန်ထက် ၂ ဒသမ ၆ ဒီဂရီ ဆယ်လ်စီးယပ်စ် ပိုမိုမြင့်တက်ခဲ့မှုထက် များစွာကျော်လွန်နေမည်ဖြစ်သည်။
အယ်လ်နီညို ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် ပိုမိုနွေးထွေးလာခြင်းနှင့် ဆက်စပ်နေသည့် သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်စေနိုင်ပြီး ကမ္ဘာတစ်ဝန်း မိုးရွာသွန်းမှုပုံစံများကို ပြောင်းလဲစေကာ အချို့ဒေသများတွင် မိုးခေါင်ရေရှားမှုနှင့် အခြားဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ဤဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်လျှင် တစ်ကြိမ်ခန့် ဖြစ်ပေါ်လေ့ရှိသည်။
ဥရောပသမဂ္ဂ၏ Copernicus ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ဆောင်မှုဌာန (C3S) မှ ယခင်ရရှိ ထားသော အချက်အလက်များအရလည်း ဩဂုတ်လအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၆ ဒသမ ၉၆ ဒီဂရီ ဆယ်လ်စီးယပ်စ် သို့ ရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ထိုအချိန်အထိ မှတ်တမ်းတင်ခဲ့သမျှတွင် အပူဆုံးလဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လက စံချိန်နှင့် တူညီနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ချီကာဂို တက္ကသိုလ်ရှိ Climate Impact Lab မှ သုတေသီများက ယခုနှစ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ၂၀၂၆ ခုနှစ် ဇွန်လမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၄၅၁,၀၀၀ အထိ ပိုမိုသေဆုံးနိုင်ခြေရှိကြောင်း စက်တင်ဘာလတွင် ခန့်မှန်းတွက်ချက်ခဲ့သည်။
Ref: Khaosod
