၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆူခွန်ဗစ်ရပ်ကွက်ရှိ ဇိမ်ခံကွန်ဒိုမီနီယံတစ်ခုတွင် လစဉ် ငွေကြေးလည်ပတ်မှု ဘတ်သန်း ၅၀၀ ကျော် ရှိသော ကိုရီးယားအွန်လိုင်းလောင်းကစားဂိုဏ်းတစ်ခုကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ လုပ်ငန်းနှင့် ဆက်စပ်သည့် ဂိုဏ်းခေါင်းဆောင်ဟု သံသယရှိသူနှင့် အခြားတောင်ကိုရီးယားနိုင်ငံသား ကိုးဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိ လောင်းကစားဝက်ဘ်ဆိုက်များနှင့်ဆက်စပ်နေသော တောင်ကိုရီးယားအုပ်စုတစ်စုကို စုံစမ်းစစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေးဌာန၏ ကော်မရှင်နာအသစ်ဖြစ်သူ ရဲဗိုလ်ချုပ်ကြီး နော့ပါဆင် ပူလ်ဆာဝပ်က အောက်တိုဘာလ ၇ ရက်က ဤစီးနင်းမှုပြုလုပ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်တောင်ပိုင်း၊ ဖရာခါနွန် ခရိုင်တရားရုံးမှ ထုတ်ပြန်သော ဖမ်းဝရမ်းကို ကိုင်ဆောင်ထားသည့် ရဲအရာရှိများသည် ကွန်ဒိုမီနီယံအခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ထိုကွန်ရက်အတွက် စီမံခန့်ခွဲသူများအဖြစ် လုပ်ကိုင်နေကြသော တောင်ကိုရီးယားနိုင်ငံသား လေးဦးကို တွေ့ရှိခဲ့သည်။
သံသယရှိသူများသည် ဝက်ဘ်ဆိုက်များ၏ နောက်ကွယ်စနစ်များကို စီမံခန့်ခွဲခြင်းနှင့် ဖောက်သည်များ၏ ငွေသွင်း၊ ငွေထုတ်မှုများကို စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် လက်ပ်တော့ကွန်ပျူတာ ၁၁ လုံး၊ OTP ခေါ် (တစ်ကြိမ် သုံးစကားဝှက်) စက် ၁၂ လုံး၊ စကားဝှက်ကုတ်နံပတ်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်သည့် hardware wallet တစ်ခုနှင့် မိုဘိုင်းဖုန်း ၁၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထပ်မံစုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးရေးအဖွဲ့သည် ဒုတိယမြောက် ကွန်ဒိုမီနီယံအခန်းတစ်ခုသို့ ရောက်ရှိခဲ့သည်။ ထိုနေရာတွင် တောင်ကိုရီးယားနိုင်ငံသား ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး လက်ပ်တော့ကွန်ပျူတာ ၂၁ လုံး၊ OTP စက် ၁၉ လုံး၊ hardware wallet တစ်ခုနှင့် မိုဘိုင်းဖုန်း ၁၉ လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဤလုပ်ငန်းစဉ်တွင် Redbet နှင့် Blackbet လောင်းကစားဝက်ဘ်ဆိုက်များ ပါဝင်ပတ်သက်နေပြီး အဆိုပါဝက်ဘ်ဆိုက်များတွင် အဖွဲ့ဝင် ၁ ဒသမ ၅ သန်းကျော်ရှိကာ လစဉ် ငွေကြေးလည်ပတ်မှုပမာဏ ဘတ်သန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း ဖမ်းဆီးရေးအဖွဲ့က ပြောကြားခဲ့သည်။
ရှာဖွေစစ်ဆေးမှုများနှင့် စုံစမ်းစစ်ဆေးမှုများကို တောင်ကိုရီးယားရဲတပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သံသယရှိသူများကို တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီးနောက် ၎င်းတို့အား တရားစွဲဆိုနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များထံမှ သက်သေအထောက်အထားများ တောင်းခံသွားရန် တောင်ကိုရီးယားအာဏာပိုင်များက စီစဉ်ထားသည်ဟု မျှော်လင့်ရသည်။
လူဝင်မှုကြီးကြပ်ရေးဌာနက သံသယရှိသူ ၁၀ ဦးစလုံး၏ ပြည်ဝင်ခွင့်ဗီဇာများကို ပယ်ဖျက်လိုက်ပြီး နောက်ထပ်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ၎င်းတို့ကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သံသယရှိသူများကို နိုင်ငံမှ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်သည်။
Ref: Bangkok Post
