၁၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပနားမားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိ အားကောင်းသော ငလျင်တစ်ခု အောက်တိုဘာလ ၉ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ (GMT ၁၈:၀၀ နာရီ) မတိုင်မီလေးတွင် လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးကာ ကျယ်ပြန့်သော ဧရိယာအတွင်း တုန်ခါမှုများ ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်ဆေးရေးဌာန (USGS) က လူဦးရေ ၄ ဒသမ ၆ သန်းခန့်သည် အလယ်အလတ်မှ ပြင်းထန်သည့်အဆင့်အထိရှိသော ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ငလျင်၏သက်ရောက်မှုများမှာ “ကျယ်ပြန့်စွာ ဖြစ်ပေါ်နိုင်သည်” ဟု ဆိုသည်။
ငလျင်သည် အောက်တိုဘာလ ၉ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ မတိုင်မီ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်မှာ ပနားမားနိုင်ငံ တောင်ပိုင်းဗဟိုရှိ ပီတာလိုဘာ အာရီဘာမြို့မှ ၆ ဒသမ၂ မိုင် (၁၀ ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
အွန်လိုင်း ရုပ်သံမှတ်တမ်းများအရ ပီနိုနိုမီမြို့ နှင့် ဆိုနာမြို့များတွင် အဆောက်အအုံများ ပြိုကျနေသည်ကို တွေ့ရပြီး ယင်းတို့အနက် ပြိုကျနေသော အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိမရှိ လူတစ်ဦးက အော်ဟစ်ခေါ်ဆိုနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း ပါဝင်သည်။ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူများ ရှိသည်ဟု သတင်းမရရှိသေးကြောင်း ဆိုသည်။
ငလျင်သည် မြေအောက်အနက် ၁၂ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ ပနားမားစီးတီး မြို့တွင်းအဆောက်အအုံများမှ လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ငလျင်လှုပ်ခတ်မှု ရပ်တန့်သွားသည်အထိ ၎င်းတို့သည် လမ်းမများပေါ်တွင် ရှိနေခြင်း သို့မဟုတ် အနီးနားရှိ ပန်းခြံများတွင် ထိုင်စောင့်နေခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။
ငလျင်လှုပ်ခတ်နေစဉ်အတွင်း လူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် အဆောက်အအုံများထဲတွင် ပနားမားစီးတီးရှိ သားဖွားဆောင်တစ်ခုလည်း ပါဝင်သည်။
အတည်ပြုထားသော ရုပ်သံမှတ်တမ်းများအရ ပီနိုနိုမီမြို့ ရှိ ခရစ်ယာန်ဘုရားကျောင်းကြီးတစ်ခု၏ ဘေးဘက်နံရံနှင့် ၎င်း၏ အမြင့်ဆုံးမျှော်စင်တစ်ခုတို့သည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည်ကို တွေ့ရသည်။
အခြားဗီဒီယိုတစ်ခုတွင် ဒေသတွင်း ဟိုတယ်တစ်ခုမှာလည်း လုံးဝနီးပါး ပြိုကျပျက်စီးသွားသည်ကို တွေ့ရသည်။
တောင်ပိုင်း ဟီရီရာပြည်နယ်တွင် နေထိုင်သူ ရီကာဒို ဘရောင်းက လာ့စ်မီနာ့စ်မြို့ရှိ ၎င်းနေထိုင်သည့်ရပ်ကွက်အတွင်း ငလျင်ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကြောက်လန့်နေကြပါတယ်။ ဒီမှာက သက်ကြီးရွယ်အို နှစ်ယောက်တည်း ရှိတာပါ။ အိမ်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပြီး အိမ်ပြိုကျပြီး ကျွန်တော်တို့အပေါ် ပြုတ်ကျလာမှာကို စိုးရိမ်နေပါတယ်” ဟု အသက် ၇၄ နှစ်အရွယ် ရီကာဒို ဘရောင်းက ပြောကြားခဲ့သည်။
ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှု အတိုင်းအတာအပြည့်အစုံကို ရှင်းလင်းစွာ မသိရသေးသော်လည်း မူလငလျင်လှုပ်ခတ်ခဲ့သည့် နေရာအနီးတွင် ပြင်းထန်သော နောက်ဆက်တွဲငလျင် အများအပြား လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိထားပြီး ယင်းအချက်က မြေပြင်အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သည်။
မြို့တော်အတွင်း ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများမှာ အဆောက်အအုံခေါင်မိုးများမှ အပိုင်းအစများ ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်သည့် ပျက်စီးမှုများသာ ဖြစ်ပုံရသည်။
ပနားမားသမ္မတက ဤငလျင်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် အစိုးရအဖွဲ့တစ်ခုလုံး စုစည်းလှုပ်ရှားလျက်ရှိကြောင်း ပြောကြားခဲ့ပြီး “ယခုဖြစ်ရပ်ကို အခြေခံ၍ လူထုကို စိုးရိမ်ထိတ်လန့်စေခြင်း သို့မဟုတ် မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခြင်းမျိုး မပြုလုပ်သင့်ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref-BBC
