၁၀.၁၀.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှော အလျား ပေ ၂၀၀ ကျော်၊ အနက် ၂၅ ပေခန့် နိမ့်ကျခြင်းဖြစ်ပွားမှုကြောင့် ကျေးရွာ ခြောက်ရွာမှ လူဦးရေ ၉၀၀ ခန့်ကို ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် လက်ရှိတွင် မမြရေလှောင်တမံ၊ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏ အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိကြောင်း မမြရေလှောင်တမံ အခြေနေမှန်အား ပြည်သူများသိရှိစေရန် အသိပေးပန်ကြားချက်အနေဖြင့် ထုတ်ပြန်ထားသည်။
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာလ ၇ ရက်၊ နံနက် ၈နာရီခန့်က တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁ လက်မခန့်၊ ပျမ်းမျှအနက် ၆ လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်းအတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၉ ရက်၊ ည ၉နာရီတွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ ပေခန့် နိမ့်ကျခဲ့ကြောင်း သိရသည်။
မမြရေလှောင်တမံ၏ သိုလှောင်ရေ ၁၀ ပေခန့် လျှော့ချနိုင်ရန်အတွက် အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိကြောင်း အသိပေးပန်ကြားချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီတွင် ရောက်ရှိပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ဦး ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများအသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။
