၁၀.၁၀.၂၀၂၆
Written by Linn Eain
မြန်မာမှုရိုးရာစားစရာ “ထမနဲ” နှင့် မြန်မာမှုလက်ရာ ရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်း”ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး တင်သွင်းသည့် မြန်မာမှု ရိုးရာစားစရာ “ထမနဲ” ကို လည်းကောင်း၊ မြန်မာမှု လက်ရာရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီး ချိတ်လုပ်ငန်း” ကိုလည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ယူနက်စကိုသို့ ပေးပို့လုပ်ဆောင်သင့်ကြောင်း” အဆိုနှင့် ပတ်သက်၍ ဒုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာ့ထမနဲယဉ်ကျေးမှု” ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ၂၀၂၇ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ရေးနှင့် “လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်း” ကို ၂၀၂၈ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဆက်လက် တင်သွင်းရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှု၊ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုမှု၊ ပြည်သူနှင့် အသင်းအဖွဲ့များ ကောင်းစွာလှုပ်ရှားဆောင်ရွက်မှုများဖြင့် ဤဝန်ကြီးဌာနက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုအား မှတ်တမ်းတင်ပေးနိုင်ပါရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြည်သူ့လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် “မြန်မာ့ထမနဲယဉ်ကျေးမှု” ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ သတ်မှတ်ကာလဖြစ်သော ၂၀၂၇ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ စံသတ်မှတ်ချက်များနှင့်အညီ အဆိုပြုလွှာတင်သွင်းနိုင်ရေးအတွက် ထမနဲယဉ်ကျေးမှုနှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထမနဲထိုး ပြိုင်ပွဲများကျင်းပခြင်း၊ ထမနဲရောင်းချသူလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သောလုပ်ငန်းစဉ်များအား မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(မန္တလေး)၊ လူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့များ၊ တိုင်းရင်းသားရေးရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်သူလူထုလှုပ်ရှားမှု ပိုမိုပါဝင်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုဝန်ကြီးက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကျင်းပသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများ၌ လွန်းရာကျော်ကြိုးကြီးချိတ်ပညာရပ်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လွန်းရာကျော်ကြိုးကြီးချိတ်အား “ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် စံသတ်မှတ်ချက်များနှင့်အညီ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဲ့သို့သော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး၏ အဆိုတင်သွင်းမှုကို အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၊ ကျေးသီး မဲဆန္ဒနယ်မှ ဒေါ်နန်းတင်ဦး၊ ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်ဌေး၊ သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြစိုး၊ သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြစိုး၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင် ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုး တင်သွင်းသည့်အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကသတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
