၁၀.၁၀.၂၀၂၆
Written by KL
ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက် မင်းဓမ္မလမ်း၊ MCC ခန်းမအနီးတွင် မော်တော်ယာဥ်တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိရာမှ ယာဥ်ပေါ်လိုက်ပါလာသူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိမှု ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၇ နာရီ ၄၃ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အမျိုးသားတစ်ဦး အမျိုးသမီး လေးဦး လိုက်ပါလာသော LEAPMOTOR B10 EV အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ မရမ်းကုန်းမြို့နယ်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အခြမ်းရှိ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဦးသန်းဝင်းတွင် နံရိုးကျိုး၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ အမျိုးသမီးတစ်ဦးတွင် နံရိုးကျိုး၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ကျန်အမျိုးသမီးတစ်ဦးတွင် နံရိုးကျိုး၊ ညာဘက်ခြေကျိုး၊ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ကားမောင်းလာရင်းနဲ့ အရှိန်လွန်ပြီး ဓာတ်တိုင်ကိုဝင်တိုက်တာ။ ဖြစ်တဲ့နေရာတင် သုံးယောက်ဆုံးသွားတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ယောက်လည်း အသက်အန္တရာယ်စိုးရိမ်ရတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းအတွင်းညပ်နေသူနှစ်ဦးကို မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဝိုင်းဝန်းကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို အဖြူရောင်လူမှုကူညီရေးအသင်း၊ ရတနာဖြိုးလူမှုကူညီရေးအသင်း၊စိတ်ဓာတ်အားမာန်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
