သက်တံ့
၁၀. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံ၊ မလက္ကာမြို့တွင် လျစ်လျူရှုခံရမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများရရှိကာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူအပါအဝင် မြန်မာနိုင်ငံသား ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်သည်။
အသက် ၂၀ မှ ၅၀ ကြားရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည့် အဆိုပါ သံသယရှိသူများကို ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအတွင်း Banda Hilir ရှိ Jalan Melati နှင့် Pulau Melaka တို့တွင် သီးခြားစီ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အစောပိုင်းတွင် အတက်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောဆိုခဲ့သော်လည်း မလက္ကာဆေးရုံမှ ဆရာဝန်တစ်ဦး၏ တိုင်ကြားချက်အရ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
မလက္ကာ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဒါတု ဒဇူကီရီ မူခ်တာ (Datuk Dzulkhairi Mukhtar) က ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်ပြီး “ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီလောက်မှာ အသက်တစ်နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး မလက္ကာဆေးရုံက ဆရာဝန်တစ်ဦးထံမှ ရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ရရှိခဲ့ပါတယ်။ အစောပိုင်းမှာ ကလေးငယ်ရဲ့ မိခင်က သားဖြစ်သူဟာ အတက်ရောဂါကြောင့် သေဆုံးခဲ့တာလို့ ပြောဆိုခဲ့ပေမဲ့ ရုပ်အလောင်း ခွဲစိတ်စစ်ဆေးမှု ရလဒ်တွေအရ သေဆုံးရတဲ့ အကြောင်းအရင်းဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကြောင့် ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဖမ်းဆီးထားသည့် သံသယရှိသူ ၄ ဦးစလုံးကို ၂၀၀၁ ခုနှစ် ကလေးသူငယ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁(၁)(အေ) အရ စုံစမ်းစစ်ဆေးမှုများတွင် ထိရောက်စွာလုပ်ဆောင်နိုင်ရန် အောက်တိုဘာ ၉ ရက်က စတင်ပြီး ၆ ရက်ကြာ ချုပ်မိန့် ရယူထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: malaymail
