





၉.၁၀.၂၀၂၆
Written by Linn Eain
အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ အမြန်နှုန်း သိသိသာသာလျှော့နည်း ကျဆင်းခြင်းကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး လက်ရှိတွင် စုစုပေါင်း ၂၂၀၀ မှု တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က အောက်တိုဘာ ၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ပြည့်ဖြိုးမေးမြန်းသည့် အင်တာနက်ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအား ထိန်းကျောင်းနေမှုအခြေအနေ၊ သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီသော ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအား မည်သို့တိုင်ကြားနိုင်မည်နှင့် အရေးယူဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းကို တိုင်းဒေသကြီးဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က “အသုံးပြုသူများအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ စာချုပ်ပါ အမြန်နှုန်း သိသိသာသာ လျှော့နည်းကျဆင်းခြင်း စသည့် အားနည်းချက်များကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ [email protected] အီးမေးလ်သို့လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ” ပြောကြားခဲ့သည်။
ထိုသို့ တိုင်ကြားလာပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးသူများ၏ စွမ်းဆောင်ရည်အား မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိခြင်းဖြစ်စေ၊ ပြဋ္ဌာန်းထားသော ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေး ခြင်းဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၄၁ (က) အရ လိုင်စင်ရရှိသူအား သတိပေးခြင်း၊ ဖောက်ဖျက်မှုကို ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာနိုင်သည့် ဖောက်ဖျက်မှုကို တားဆီးရန်အတွက် လိုင်စင်ရရှိသူသို့ ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ လိုင်စင်ရရှိသူကို ၎င်း၏ သက်ဆိုင်ရာ ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် ထုတ်ပေးထားသည့် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း နည်းလမ်းစသည်တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၅၂၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းဆိုင်ရာ အမိန့်များဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် နည်းလမ်းများနှင့် အရေးယူကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာ နအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ၊ ဇူလိုင် ၂၀ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်သော တိုင်ကြားလာမှုမှာ ၂၂၀၀ မှု ဖြစ်ပြီး ၂၁၉၂ မှုကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကာ ကျန်ရှိသော ၈ မှုကိုလည်း ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည် Performance ကို ပုံမှန်အတိုင်း တိုင်းတာစစ်ဆေးခြင်း မရှိသော်လည်း ဝန်ဆောင်မှု ရယူအသုံးပြုသူက အင်တာနက်ဝန်ဆောင်မှုပေးသူ၏ စာချုပ်ပါ ကတိကဝတ်ပြုထားသည့် စွမ်းဆောင်ရည်အတွက် ပျက်ကွက်ကျဆင်းကြောင်း တိုင်ကြားလာပါက သွားရောက်စစ်ဆေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
အင်တာနက်ဝန်ဆောင်မှုများကို ရယူအသုံးပြုသူများ အကာအကွယ်ပေးခြင်းဆိုင်ရာ တာဝန်များနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်ရရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများသည် ၁။ အမှန်တကယ် အသုံးပြုသူများနှင့် ချုပ်ဆိုနိုင်ရေး စာချုပ်ပုံစံ သတ်မှတ်ထားရှိရန်၊ ၂။ မှန်ကန်သည့် အသေးစိတ် ငွေတောင်းခံလွှာများ ပေးပို့ရန်၊ ၃။ မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို သတ်မှတ်ပေးရန်၊ ၄။ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးများ ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားရန်၊ ၅။ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက် လုံခြုံရေးတို့ကို ကာကွယ်ပေးမည့် အစီအစဉ်များအား ပွင့်လင်းမြင်သာစွာ စာဖြင့် ရေးသားဖော်ပြထားရန်စသည့် အချက်များကို လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၂ တွင် အတိအလင်း ပြဋ္ဌာန်းထားရှိပြီး လိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
