သက်တံ့
၁၇-၁၀-၂၀၂၆
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၏ ပထမဦးဆုံး ရန်ကုန်-ချန်ဒူး လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံမှ အဖွဲ့လိုက်ခရီးသွား ၁၃၄ ဦးနှင့် စီးပွားရေးခရီးသွား ၉၈ ဦးတို့ လိုက်ပါစီးနင်းခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုဗဟိုဌာန ညွှန်ကြားရေးမှူး ဟန်ကျားကျွင်း (Han Jiajun) က သောကြာနေ့တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
လေကြောင်းလိုင်းသစ်ကြောင့် ခရီးစဉ်နှစ်ခုအကြား လေကြောင်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ခရီးသွားလာချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ကာ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံမှုများကို ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့သော မူဝါဒဆိုင်ရာ အားသာချက်များနှင့် ပေါင်းစပ်လိုက်ပါက ယခုလမ်းကြောင်းသစ်သည် ဒေသနှစ်ခုအကြား ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူချင်း ကူးလူးဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းလေကြောင်းလိုင်းသည် မြန်မာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ချန်ဒူးအခြေစိုက် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုမည်ဖြစ်ပြီး စီချွမ်းနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။
အဆိုပါ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် ၃ ကြိမ် ပြေးဆွဲရန် လျာထားသော်လည်း လတ်တလောတွင်မူ နှစ်ပတ်လျှင် ၃ ကြိမ် ပြေးဆွဲလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Xinhua
