သက်တံ့
၁၇. ၁၀. ၂၀၂၆
ပစ်မှတ်ကို ရှာဖွေဖော်ထုတ်ခြင်းနှင့် လမ်းကြောင်းပြ ထိန်းချုပ်ခြင်းတို့တွင် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုထားသည့် တော်ပီဒိုစနစ်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက စနေနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ကြာသပတေးနေ့က စမ်းသပ်ခဲ့သည့် လက်နက်သည် “Zam-2.0” ဟု အမည်ပေးထားသည့် “အလွန်လျင်မြန်ပြီး တိကျစွာ လမ်းကြောင်းပြနိုင်သော” တော်ပီဒိုစနစ်ဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာန (KCNA) က ဖော်ပြခဲ့သည်။ သို့သော် AI နည်းပညာ အသုံးပြုထားမှုနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိပေ။
လွန်ခဲ့သည့် ၅ နှစ်အတွင်း စမ်းသပ်မှု ပေါင်း ၁၈၀ ကျော် ပြုလုပ်၍ တည်ဆောက်ခဲ့သော အဆိုပါ လက်နက်၏ ဒုံးပျံမောင်းနှင်အားစနစ်များကို ယခုစမ်းသပ်မှုတွင် စိစစ်အတည်ပြုနိုင်ခဲ့ကြောင်း ထိုသတင်း၌ ဆက်လက်ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ စစ်ရေးနည်းပညာ ကြွားဝါမှုများကို ပိုမို ချဲ့ကားပြောလေ့ရှိသည်ဟု စွပ်စွဲလေ့ရှိသော တောင်ကိုရီးယား စစ်ဘက်ကမူ KCNA ၏ ထုတ်ပြန်ချက်အပေါ် ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တိုက်ချင်းပစ်ဒုံးကျည်များ စိုက်ထုတ်တီထွင်ခဲ့သည့် နှစ်များအလွန်တွင် ရေတပ်စွမ်းရည် တိုးမြှင့်ရေးသို့ ဦးတည်ချက် ပြောင်းလဲလာခဲ့ရာ ယခုသီတင်းပတ်များအတွင်း သုံးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေအောက်မှ ဒုံးကျည်စမ်းသပ်မှုများ အပါအဝင် လက်နက်ပြသမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုများတွင် နျူကလီးယားလက်နက်များ ပစ်လွှတ်နိုင်ရန် ဒီဇိုင်းဆွဲထားသည်ဟု ပြုံယမ်းက ဆိုထားပြီး တပ်တော်ဝင်ခြင်း မရှိသေးသော ရေငုပ်သင်္ဘောတစ်စီး ပါဝင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ထို့အပြင် တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိုးဖောက်နိုင်ရန် လက်နက်စွမ်းရည် တိုးမြှင့်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နှင့် အောက်တိုဘာ ၃ ရက်တို့တွင်လည်း အကွာအဝေးအမျိုးမျိုး ပစ်ခတ်နိုင်သည့် အသံထက်မြန်သော (Hypersonic) ဒုံးကျည်စနစ်များကို စမ်းသပ်ခဲ့သည်။ အောက်တိုဘာ ၃ ရက်က စမ်းသပ်ခဲ့သည့် ဒုံးကျည်များတွင်လည်း AI နည်းပညာကို အသုံးပြုထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင်၏ ဩဇာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားခဲ့သည်။
သို့သော် ကျွမ်းကျင်သူအချို့ကမူ မြောက်ကိုရီးယားအနေဖြင့် လမ်းကြောင်းပြ ဆော့ဖ်ဝဲလ်များကို အဆင့်မြှင့်တင်နေဖွယ်ရှိသော်လည်း ၎င်းတို့၏ လက်နက်များတွင် ပစ်မှတ်ကို ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်နိုင်ခြင်းကဲ့သို့သော အဆင့်မြင့် ဒစ်ဂျစ်တယ် နည်းပညာစွမ်းရည်များ အမှန်တကယ် ပါဝင်နေခြင်းရှိမရှိမှာ သံသယဖြစ်ဖွယ်ရှိကြောင်း ပြောဆိုကြသည်။
ဝါရှင်တန်နှင့် နှစ်ရှည်လများ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများ အကျပ်အတည်းဆိုက်နေချိန်တွင် ကင်ဂျုံအန်သည် မကြာမီနှစ်များအတွင်း တောင်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းခဲ့ပြီး တောင်ကိုရီးယားကို ထာဝရရန်သူအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
Ref: ABC
