သတိုး
၁၇. ၁၀. ၂၀၂၆
အရှေ့တောင်အာရှနိုင်ငံများအကြား တစ်ချိန်က အင်အားတောင့်တင်းပြီး လှုပ်ရှားသက်ဝင်ခဲ့သည့် မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံ သံတမန်ရေးရာ၏ ဗဟိုချက်သို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုများ အရှိန်ရလာနေသော်လည်း ပြည်တွင်းမှ စစ်ပွဲများမှာ အဓိက အဟန့်အတားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ အဓိက မေးခွန်းမှာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်လား ဆိုသည်ထက်၊ အဆိုပါ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများသည် မြန်မာနိုင်ငံ၏ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ အပြည့်အဝ ပြန်လည်ဝင်ရောက်ခွင့်အတွက် ထိုက်တန်သည့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ တိုးတက်မှုများကို ဖန်တီးပေးနိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။
◾️ ဖယ်ကျဉ်ခံရမှုနှင့် ပြန်လည်ပေါင်းစည်းရေးအကြား – အာဆီယံတွင် မြန်မာ၏ သံတမန်ရေးရာ ထိုးဖောက်မှုသစ်
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှု၊ ရှည်ကြာလာသော ပဋိပက္ခများနှင့် တူညီဆန္ဒ ၅ ချက် (Five-Point Consensus) ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိခြင်းတို့ကြောင့် မြန်မာအစိုးရခေါင်းဆောင်များသည် အာဆီယံ၏ ထိပ်သီးနိုင်ငံရေး အစည်းအဝေးများမှ ဖယ်ကျဉ်ခံခဲ့ရသည်။
၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်းအဖွဲ့အစည်းနှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို ပြန်လည်တိုးချဲ့ရန် ကြိုးပမ်းလာသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ငြိမ်း) သည် ၂၀၂၆ ခုနှစ် ဧပြီလတွင် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း အာဆီယံအစိုးရများနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့သည်။ ၎င်းသည် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လတ်တလောတွင် မလေးရှားနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံအများအပြားသို့ သွားရောက်ခဲ့သည်။ ၎င်း၏ အောက်တိုဘာလ မလေးရှားခရီးစဉ်မှာ နှစ်နိုင်ငံနှင့် ဒေသတွင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း ပွင့်လင်းစွာ ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများ၊ ဇူလိုင်လက ပြုလုပ်ခဲ့သည့် အလွတ်သဘော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အောက်တိုဘာလ မလေးရှားခရီးစဉ်တို့မှာ ယခု သံတမန်ရေးရာ ထိုးဖောက်မှုအသစ်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
၂၀၂၅-၂၆ ရွေးကောက်ပွဲများအပြီးတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအခင်းအကျင်း အသစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် အာဆီယံနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လည်စတင်သင့်ကြောင်း မြန်မာအစိုးရက စိစစ်ပြောဆိုသည်။ ဇူလိုင်လတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အချုပ်အခြာအာဏာနှင့် ဝင်ရောက်မစွက်ဖက်ရေး မူကို အဓိကထားကာ “မြန်မာပိုင်ဆိုင်ပြီး မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်” မှတစ်ဆင့် ဆက်ဆံရေးပုံမှန်ဖြစ်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

◾️ အာဆီယံ၏ တူညီဆန္ဒ ၅ ချက်မှာ တံခါးမှူးအဖြစ် ဆက်လက်ရှိနေဆဲ
မြန်မာနိုင်ငံအတွက် အာဆီယံ၏ အဓိက မူဘောင်မှာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အတည်ပြုခဲ့သည့် တူညီဆန္ဒ ၅ ချက် (5PC) ဖြစ်သည်။ ယင်းတွင် –
– အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊
– သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊
– အာဆီယံ အထူးသံတမန် ခန့်အပ်ရန်၊
– လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်၊ နှင့်
– အထူးသံတမန်က သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် တို့ ပါဝင်သည်။
အာဆီယံသည် ယင်းမူဘောင် အကောင်အထည်ဖော်မှုကို မြန်မာနိုင်ငံအား နိုင်ငံရေးအရ ပြန်လည်လက်ခံရေးဆိုင်ရာ အဓိက တိုင်းတာချက်အဖြစ် ဆက်လက်ကျင့်သုံးနေသည်။
ယင်းက အခြေခံကျသည့် သဘောထားကွဲလွဲမှုကို ဖန်တီးနေသည်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲများအပြီးတွင် နိုင်ငံရေးအခြေအနေများ ပြောင်းလဲသွားပြီဖြစ်၍ အာဆီယံအနေဖြင့် အမှန်တရားအသစ်ကို လက်ခံသင့်သည်ဟု အကြောင်းပြနေပြီး အာဆီယံကမူ ထိပ်သီးအဆင့် နိုင်ငံရေးအစည်းအဝေးများတွင် ပါဝင်ရန်အတွက် ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရန် ပြသနိုင်သည့် တိုးတက်မှုများ လိုအပ်သည်ဟု ဆက်လက်ရပ်တည်နေသည်။

◾️ လက်တွေ့ကျသော နည်းဗျူဟာအလှည့်အပြောင်း – မြန်မာ၏ လေးဖက်ဆိုင် သံတမန်ရေးရာ ထိုးဖောက်မှု
ယခုအခါ မြန်မာနိုင်ငံ၏ သံတမန်ရေးရာ လှုပ်ရှားမှုများကို အရေးပါသည့် အချက် ၄ ချက်က ပုံဖော်နေသည်
၁။ ထိုင်း၊ မလေးရှားနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းဖြင့် ဒေသတွင်း မဟာမိတ်များကို ခိုင်မာစေခြင်း၊
၂။ ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေး ပုံမှန်အခြေအနေအသွင် ဖန်တီးကာ ပြည်တွင်း တရားဝင်မှုကို ပြသခြင်း၊
၃။ ပြည်တွင်းရေးကို အခြားနိုင်ငံများ ဝင်ရောက်မစွက်ဖက်ရေး မူဘောင်နောက်ကွယ်တွင် ကာကွယ်ရင်း အလျှော့မပေးသော အချုပ်အခြာအာဏာကို ကိုင်စွဲခြင်း နှင့်
၄။ နိုင်ငံတကာ ရပ်တည်ချက်ကို စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပကတိအခြေအနေများပေါ်တွင် အခြေပြုခြင်းတို့ ဖြစ်သည်။
သို့သော်လည်း အဆိုပါ ရည်မှန်းချက်များ၏ မဟာဗျူဟာမြောက် အောင်မြင်နိုင်ခြေမှာ အာဆီယံ၏ စုပေါင်းဆုံးဖြတ်ချက်၊ ပြည်တွင်းပဋိပက္ခ၏ ပြင်းထန်သော ပကတိအခြေအနေနှင့် ခိုင်မာသော နိုင်ငံရေးဖြေရှင်းမှုဆီသို့ သွားနိုင်သည့် အမှန်တကယ် တိုးတက်မှုတို့အပေါ်တွင်သာ မလွဲမသွေ မူတည်နေသည်။
◾️ အကွဲကွဲအပြားပြား မြေပြင်ပေါ်က ဆွေးနွေးပွဲများ – အာဆီယံ၏ ဝင်ရောက်စွက်ဖက်မှုအပေါ် မြန်မာ့ တုံ့ပြန်မှု
မြန်မာ့ပဋိပက္ခသည် အဓိက နိုင်ငံရေးအုပ်စု နှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံမှုမျှတင် မဟုတ်ပေ။ တပ်မတော်၊ NUG၊ PDFs၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာနှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများပါ များပြားစွာ ပါဝင်နေသည်။
ထိုသို့ အကွဲကွဲအပြားပြား ဖြစ်နေမှုက ပုံမှန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အလွန်ခက်ခဲစေသည်။
ဇူလိုင်လတွင် အာဆီယံ အထူးသံတမန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တပ်မတော်က ကျောထောက်နောက်ခံပြုထားသည့် ဆွေးနွေးရေးကော်မတီတို့နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့သည်။ နှစ်ဖက်စလုံးက အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင် တပ်မတော်ကျောထောက်နောက်ခံပြု အစိုးရသည် အာဆီယံ၏ တူညီဆန္ဒ ၅ ချက် အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် တိုးမြှင့်စိန်ခေါ်လာခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်များတွင် အဆိုပါစာချုပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို မကန့်သတ်သင့်ကြောင်း အခိုင်အမာဆိုခဲ့ပြီး တူညီဆန္ဒ ၅ ချက်ကို တရားဝင် ပြန်လည်သုံးသပ်ပေးရန် လွှတ်တော်က ဇူလိုင်လတွင် ဆုံးဖြတ်ချက်အတည်ပြုရန် တောင်းဆိုခဲ့သည်။
ဩဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံ၏ တောင်းဆိုချက်အပေါ် မြန်မာအစိုးရက နောက်ထပ် အခိုင်အမာ ပြောဆိုမှုတစ်ခုအဖြစ် အာဆီယံ အထူးသံတမန် ထားရှိရန် မလိုအပ်တော့ကြောင်းအထိ ဆက်လက်ပြောဆိုခဲ့သည်။
ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် အာဆီယံ၏ ပုံမှန်ဆက်ဆံရေးကို လိုချင်သော်လည်း ယင်းဆက်ဆံရေး ပုံမှန်ဖြစ်ထိုက် မဖြစ်ထိုက် ဆုံးဖြတ်သည့် အာဆီယံ၏ ယန္တရားများကိုမူ ပြိုင်ဘက်အဖြစ် စိန်ခေါ်နေခြင်း ဖြစ်သည်။
◾️ မည်မျှမြန်မြန် ပြန်လည်ထိတွေ့ဆက်ဆံမည်ဆိုသည်အပေါ် အာဆီယံ ကိုယ်တိုင် သဘောထားကွဲလွဲနေ
နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ်မှတစ်ဆင့် ဘက်ပေါင်းစုံ အကျိုးသက်ရောက်မှုများရှိသည့် ထိုင်းနိုင်ငံနှင့် အထက်တန်းအဆင့် ထိတွေ့ဆက်ဆံမှုကို ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံတို့က အဆင်ပြေစေရန် အားစိုက်နေကြသော်လည်း အခြားအာဆီယံ အဖွဲ့ဝင်များကမူ စောစီးစွာ ဆက်ဆံရေးပုံမှန် ပြုလုပ်လိုက်ပါက အဖွဲ့အစည်း၏ ဩဇာလွှမ်းမိုးနိုင်မှုကို လျော့ကျသွားစေနိုင်ကြောင်း စိုးရိမ်နေကြသည်။
ထို့အပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရခြင်းသည်လည်း အာဆီယံကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများနှင့် အဓိပ္ပာယ်ရှိရှိ ထိတွေ့ဆက်ဆံရန် စိတ်မပါခြင်းနှင့် ရဲတင်းစွာ ငြင်းဆန်နေခြင်း၏ အဓိကအကြောင်းအရင်းအဖြစ် ကိုးကားဖော်ပြကြသည်။ ထို့ကြောင့် အာဆီယံသည် ခက်ခဲသော ဟန်ချက်ညီမှုကို ရင်ဆိုင်နေရသည်။ ထိုသည်များမှာ တရားဝင်အသိအမှတ် မပြုဘဲ ထိတွေ့ဆက်ဆံရေး၊ စည်းကမ်းချက်များကို မစွန့်လွှတ်ဘဲ တွေ့ဆုံဆွေးနွေးရေးနှင့် လိုက်နာမှုမရှိခြင်းကို ဆုမပေးဘဲ ပြန်လည်ပေါင်းစည်းရေးတို့ ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် အာဆီယံ သံတမန်ရေးရာ၏ ဗဟိုချက်သို့ ပြန်လည်ရောက်ရှိရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုသည် သံတမန်ရေး ထိတွေ့ဆက်ဆံမှု ကြိမ်နှုန်းအပေါ်တွင် မဟုတ်ဘဲ ငြိမ်းချမ်းရေးဆီသို့ အမှန်တကယ် တိုးတက်မှုနှင့် နိုင်ငံရေးအရ သိသာသော အလျှော့ပေးမှုများ ပြုလုပ်ရန် လိုလားမှုအပေါ်တွင်သာ ဆုံးဖြတ်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း သံတမန်ရေးရာ တံခါးများကို ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်သော်လည်း အာဆီယံ၏ ပင်မနိုင်ငံရေး ရေစီးကြောင်းအတွင်း ပြန်လည်နေရာယူနိုင်ရန်မှာ သံတမန်ရေးရာ ပရိယာယ်များထက်မက လိုအပ်မည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတော် အာဏာပိုင်များနှင့် ပြည်သူတို့၏ နိုင်ငံရေး မျှော်မှန်းချက်များအကြား ကျယ်ပြန့်လာသော အကွဲအပြဲကို ပေါင်းကူးပေးနိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်သည်။ ထိုအချိန်အထိ သံတမန်ရေးသည် ပြန်လည်ရင်ကြားစေ့ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော်လည်း အခြေခံအကြောင်းအရင်းများ မဖြေရှင်းနိုင်သေးသည့် ပြည်တွင်းမှ စစ်ပွဲများထက် မြန်မြန်ဆန်ဆန် သွားနိုင်မည် မဟုတ်သေးပေ။
(ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်ပြီး ဒေသတွင်း နိုင်ငံရေး/စစ်ရေး အခြေအနေများကို သုတေသီများ၏ အမြင်/သုံးသပ်ချက်များ (Opinion/Analysis) ဖြင့် ဖော်ပြနေသည့် Diplotic မှ သုတေသီ Kazi Md. Sayed Hossen ရေးသားသည့် Between Sovereignty and Stability: Myanmar’s ASEAN Gambit in the Shadow of Civil War ကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားပါသည်)
