April 19, 2024

၂၂. ၅. ၂၀၂၃
Written by Phyo Wei

ရလာတဲ့ အလှုငွေတွေဟာ မြေပြင်က PDF တွေဆီလည်းမရောက်၊ လက်နက်တွေ ၀ယ်ဖို့ငွေတွေလည်း ပျောက်နေတဲ့အပြင် အဂတိမှုတွေ၊ ငွေ​ကြေးအလွဲသုံးစားမှုတွေ၊ မိန်းမမှုတွေနဲ့ အပုပ်နံ့ထွက်လာတာတွေကို မဖြေရှင်းနိုင်တဲ့ NUG ဟာ အလှုငွေရရှိမှုကျဆင်းနေသလို လေလှိုင်းပေါ်က ထုတ်ရောင်းနေတဲ့ မြေကွက်တွေပါ ဝယ်ယူသူ ကျဆင်းလာတာမို့ ဒီလိုအခြေအနေကို ကာကွယ်ပြီး ၀င်ငွေစီးကြောင်း မပြတ်မဲ့နည်းလမ်းအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာကို ထူထောင်ဖို့ ကြိုးပမ်းလာချိန်မှာ ကမ္ဘာကတော့ မြန်မာနိုင်ငံက လက်နက်ကိုင်အားလုံးစီကို စီးဆင်းနေတဲ့ လက်နက်တွေကို ဖြတ်တောက်ဖို့ကြိုးပမ်းလာနေပါတယ်။ ဘယ်သူမှ မနိုင်၊ နိုင်အောင်မတိုက်ကြမဲ့ အခြေအနေပေမဲ့ ရပ်တည်မှုတစ်ခု တည်မြဲရေးအတွက် အမည်ခံတော်လှန်ရေးဟာ မြန်မာပြည်သူတွေ အထိနာရသလို ကမ္ဘာကပါ ဝင်ပြီးတော့ အလုပ်ရှုပ်နေရတာမို့လို့ အားလုံးက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲဖြစ်မြောက်ရေး အရွေ့ဆီကိုပဲ သွားစေချင်တာ ပေါ်လွင်လာတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံကို ကူညီတဲ့ အာဆီယံအကြောင်း၊ ဂျပန်ကို မိုခါဒဏ်ခံပြည်သူတွေကို လှုဖို့ တိုက်တွန်းပေးလိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံအကြောင်းနဲ့ ပြည်ပ ဩဇာခံကိုယ်စားလှယ်တွေ စိစစ်ဖို့ ဥပဒေ ရေးဆွဲမဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

မြန်မာကို ကူညီတဲ့ အာဆီယံ

အမေရိကန်နဲ့ ကုလသမဂ္ဂတို့လို အဖွဲ့အစည်းတွေဟာ SAC နဲ့ ထိတွေ့ရမှာစိုးလို့ မိုခါမုန်တိုင်းဒဏ်ခံပြည်သူတွေကို တိုက်ရိုက်လှုဒါန်းဖို့ပဲ ကြိုးစားနေကြပေမဲ့ အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံနိုင်ငံတွေကတော့ ပြတ်ပြတ်သားသားပဲ နစကဆီကို အကူအညီအထောက်အပံ့တွေ ပေးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အာဆီယံရဲ့ အကူအညီဟာ မြန်မာနိုင်ငံကို မေလ ၂၁ရက်မှာ တန်ချိန် ၄၀ လောက် စတင်ရောက်ရှိလာခဲ့သလို မေလ ၂၂ ရက်နဲ့ ၂၃ ရက်မှာလည်း ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားက စစ်လေယာဉ်တွေနဲ့ အခေါက် ၂၀ လောက် သယ်ပို့ပြီးတော့ ကူညီဦးမှာပါလို့ အင်ဒိုနီးရှားအစိုးရက ပြောလာပါတယ်။

လက်ရှိမှာဆိုရင်လည်း အာဆီယံရဲ့သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲ​ရေးနဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ AHA Center ရဲ့ တာဝန်ရှိသူတွေ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်က ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရောက်လာနေပြီး မုန်တိုင်းဒဏ်ခံ ဒေသတွေရဲ့ မြေပြင် သတင်းအချက်အလက်တွေကို စုဆောင်းတာ၊ လိုအပ်တဲ့ အကဲဲဖြတ်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို ကူညီခဲ့သလို ထိုင်းဝန်ကြီးချုပ်က ” မြန်မာပြည်သူတွေ မိုခါမုန်တိုင်းဒဏ် တွေ့ကြုံခံစားရမှုတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက စိတ်မကောင်းဝမ်းနည်းရပါတယ်။ မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက်အားပေးစကား ပြောချင်ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေဟာ တွေ့ကြုံနေရတဲ့ ဒီအခက်ခဲတွေကို အမြန်ဆုံးဖြတ်ကျော်နိုင်မယ်လို မျှော်လင့်ပါတယ်။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေဟာလည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ထပ်မံပေးနိုင်ဖို့ အဆင်သင့်ရှိနေပါတယ် ” လို့ အားပေးခဲ့ပါသေးပါတယ်။

ဂျပန်ကို တိုက်တွန်းပေးခဲ့တဲ့ အင်ဒိုနီးရှား

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို မေလ ၂၀ ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ Grand Prince ဟိုတည်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့သလို အင်ဒိုနီးရှားသမ္မတရုံးက ” သမ္မတဝီဒိုဒိုဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးဖို ဂျပန်နိုင်ငံကို အာဆီယံရဲ့ AHA Center ကတဆင့် ကူညီလှူဒါန်းပေးဖို တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။

ဟိုးအရင်အချိန်တွေတုန်းက မြန်မာကိုကူညီတဲ့နေရာမှာ ထိပ်ဆုံးက ရှိနေတဲ့ ဂျပန်နိုင်ငံဟာ မိုခါကြောင့် မြန်မာပြည်သူ ၅ သန်းခွဲလောက် ဒုက္ခရောက်ပြီး ပြည်သူတွေ အကူအညီအများကြီးလိုအပ်နေချိန်မှာ မသိကျိုးကျွံပြုနေခဲ့တာကြောင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက​တောင် ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေ အစည်းအဝေး တက်ရောက်လာချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့ တိုက်တွန်းခဲ့တာပါ။ နာဂစ်မှာတုန်းက NGO တစ်ခုအသွင် ကူညီခဲ့တဲ့ JICA ဟာ လက်ရှိအချိန်မှာ အစိုးရကိုယ်စားပြုအသွင်ပြောင်းသွားခဲ့သလို အမေရိကန်ရဲ့ အရိပ်အကဲကို ကြည့်နေရတဲ့ ဂျပန်ဟာ မိုခါအရေးမှာတော့ အရင်တုန်းကလို NGO ကတစ်ဆင့် လှုပါမယ်ဆိုတဲ့ ပုံစံပြန်လုပ်ဖို့ ခဲယဉ်းနေပုံပါပဲ။

ပြည်ပဩဇာခံကိုယ်စားလှယ်တွေ ပါမလာဖို့ စိစစ်မဲ့ ဥပဒေ

ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ ပြည်ပဩဇာခံကိုယ်စားလှယ်တချို့ လွှတ်​တော်ထဲရောက်လာခဲ့တယ်လို့ မှတ်ယူသူတွေ ရှိခဲ့ကြသလို မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ စီးပွား​ရး၊ ဘဏ္ဍာရေး စတဲ့ အချက်အလက်တွေအားလုံးလိုလိုကလည်း မြန်မာနိုင်ငံမငြိမ်သက်အောင် အမြဲတမ်းမွှေနှောက်နေတဲ့ နိုင်ငံတွေလက်ထဲကို ရောက်သွားခဲ့တဲ့အခြေအနေဖြစ်ခဲ့တဲ့အခြေအနေလို့ ယူဆမှုတွေရှိခဲ့ပါတယ်။ ဒီလို ယူဆခံရမှုတွေကြောင့်လည်း ၂၀၂၁ ဖြစ်စဉ်ဖြစ်လာခဲ့တာလို့ ပြောရမှာဖြစ်သလို တစ်ဖက်မှာလည်း ဒီလိုမျိုး နိုင်ငံတော်လုံံခြုံရေးကျိုးပေါက်မှုကြောင့်ပဲ ပြည်ပဩဇာခံလေလှိုင်းအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက် ပြန်လည်ပေါ်ထွက်လာတယ်လို့ ပြောရမှာပါ။

ဒါတွေကြောင့်လည်း လက်ရှိအချိန်မှာတော့ ပြည်ပသြဇာလွှမ်းမိုးခံရတဲ့ ကိုယ်စားလှယ်တွေက ပြည်ပနိုင်ငံတွေကအဆက်အသွယ်ရယူပြီး မြန်မာ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးမှာ ဝင်ရောက်ဆောင်ရွက်မှုက ကာကွယ်ထိန်းချုပ်ဖို့ ဥပဒေရေးဆွဲတော့မှာပါ။ ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေး၊ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အကောင်အထည်ဖော်ရာမှာ ပြည်ပဩဇာခံကိုယ်စားလှယ်က အချက်အလက်ခိုးယူပေးပို့တာမျိုးမဖြစ်ရအောင် ကာကွယ်ထိန်းချုပ်ဖို့အတွက် အခြားနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေ လိုက်နာကျင့်သုံး ဆောင်ရွက်နေတဲ့ ဥပဒေမူဘောင်တွေကို လေ့လာသုံးသပ်ပြီး မိမိနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ဥပဒေရေးဆွဲမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာဆိုလည်း ပြည်သူရွေးကောက်ပေမဲ့ ပြည်သူ့အကျိုးမလုပ်တဲ့ ကိုယ်စားလှယ်တွေကို ဖြုတ်ချနိုင်မဲ့ Right to Recall ကိုလည်း​ရေးဆွဲဲ ပြဌာန်းဖို့ စီစဉ်နေတယ်ဆိုတာကြောင့် ဒီဥပဒေတွေ အတည်ပြုလာပြီးချိန်မှ ရွေးကောက်ပွဲဖြစ်လာမလား။ ဒါမှမဟုတ် လာမဲ့နှစ်မှာ ကောက်ခံမဲ့ သန်းခေါင်စာရင်းအပြီးမှ ရွေးကောက်ပွဲလုပ်မလား။ ဒါမှမဟုတ် သက်တမ်းတိုးသွားဦးမလားဆိုတဲ့ အခြေအနေမျိုးမှာ ပြည်သူအများစုကတော့ လက်နက်ကိုင်ဟူသမျှ ကြောက်နေရတဲ့အချိန်အခါထက် အစိုးရကိုတောင် ဝေဖန်လို့ရတဲ့ လွှတ်တော်ခေတ်ကို အမြန်ဆုံးပြန်သွားချင်နေကြမယ်လို့ ယူဆပါကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *