Move Forward Party ခေါင်းဆောင် ပီတာ အား သတိပေးပြောကြားခဲ့သည့် အထက်လွှတ်တော်အမတ် ခူညင်းပွန်တစ် ရိုဂျာနာဆူနန် ကို တွေ့ရစဉ်

◾️ ရွေးကောက်ပွဲတွင် မဲအများဆုံးရခြင်းက ထိုင်းပြည်သူအများစုကို ကိုယ်စားပြုခြင်းမဟုတ်ဟု ပြော

၂၂. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော Move Forward Party ခေါင်းဆောင် ပီတာအား ဝန်ကြီးချုပ်ရွေးချယ်ပွဲ၌ ထောက်ခံမဲပေးကြရန် အထက်လွှတ်တော်အမတ်များကို ဖိအားပေးရေးအတွက် ဘန်ကောက်မြို့ Kiak Kai နယ်မြေရှိ ပါလီမန်အဆောက်အအုံရှေ့တွင် United Front of Thammasat and Demonstration (UFTD) အဖွဲ့က မေလ ၂၃ ရက်တွင် လူစုလူဝေးဆန္ဒပြရန် စီစဉ်ထားမှုက မလိုလားအပ်သောအကျိုးဆက်များကို ဖြစ်လာစေနိုင်ပြီး မစ္စတာပီတာအနေဖြင့် ထိုနောက်ဆက်တွဲ ဖြစ်ရပ်များအတွက် တာဝန်ယူရလိမ့်မည်ဟု အထက်လွှတ်တော်အမတ် ခူညင်းပွန်တစ် ရိုဂျာနာဆူနန်က လူမှုကွန်ရက်တွင် မေလ ၂၁ ရက်က ပြင်းထန်စွာရေးသားသတိပေးခဲ့သည်။

ခူညင်းပွန်တစ်က သူမ၏ Instagram လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့ရာ၌ ၎င်းအနေဖြင့် ယခင် နိုင်ငံ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၊ အထက်လွှတ်တော်အမတ်တစ်ဦးနှင့် ထိုင်းပြည်သူတစ်ဦးအနေဖြင့် ဤသို့ ပြောကြားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၎င်းက Move Forward Party အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုသို့ ချပြစည်းရုံးခဲ့သော ပါတီမူဝါဒများက ၎င်းတို့ကိုအမှန်တကယ် အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် လက်ခံနိုင်ဖွယ်ရှိပါကြောင်း၊ သို့သော် ပါတီအနေဖြင့် ဘုရင်စနစ်တည်ရှိမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာအပြောင်းအလဲပြု မဆောင်ရွက်သင့်ကြောင်း ပြောခဲ့သည်။

သို့သော် UFTD အဖွဲ့ကလည်း ပီတာကိုထောက်ခံ၍ လူစုလူဝေးဆန္ဒပြပွဲကြီးကို မေလ ၂၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။ UFTD က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်က ၎င်းတို့၏ လှုပ်ရှားမှုတစ်ရပ်၌ တောင်းဆိုချက် ၁၀ ရပ်ကိုပြုလုပ်ခဲ့ဖူးသေးပြီး ထိုတောင်းဆိုချက်များတွင်လည်း ထိုင်းနိုင်ငံ၌ ဘုရင်စနစ်ဖျက်သိမ်းရေးပါဝင်ရာ ၎င်းတို့အဖွဲ့၏ ဘုရင်စနစ်အပေါ် မလိုမုန်းထားဖြစ်နေမှုအား ရောင်ပြန်ဟပ်ဖော်ပြခြင်းဖြစ်သည်ဟုလည်း ခူညင်းပွန်တစ်က ဆက်လက်ပြောကြားခဲ့သည်။

UFTD က နောက်ကွယ်မှ ပါဝင်နေသော မေလ ၂၃ ရက်တွင်ပြုလုပ်မည့်ဆန္ဒပြပွဲက တော်ဝင်အဖွဲ့အစည်းအပေါ် သစ္စာရှိသော ထိုင်းပြည်သူတို့၏ အသဲနှလုံးများကို နင်းခြေစော်ကားခြင်းပင်ဖြစ်ကြောင်း၊ Move Forward Party အနေနှင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရကာ အနိုင်ရပါတီဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ သို့သော် ၎င်းက ထိုင်းပြည်သူအများစု ကို ကိုယ်စားပြုသည်ဟုကား မဆိုနိုင်ကြောင်း အထက်လွှတ်တော် အမတ် ခူညင်းပွန်တစ်က ပြောခဲ့သည်။

ထို့ပြင် ၎င်းက မစ္စတာပီတာ ဝန်ကြီးချုပ်ဖြစ်ရေးအခွင့်အလမ်းကို ပိတ်ပင်နေသည်က အထက်လွှတ်တော် အမတ်များမဟုတ်ကြောင်း၊ ၎င်းကိုထောက်ခံနေကြသည့် ဘုရင်စနစ်ဖျက်သိမ်းရေးအင်အားစုများဖြစ်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *