ဓာတ်ပုံ- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၂. ၅. ၂၀၂၃
Written by Ye Kyaw

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း၊ မတ်ပဲများ ပိုမိုစိုက်ပျိုးလာနိုင်သည့်အတွက် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းအထိ တင်ပို့နိုင်ရန် လျာထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပဲတီစိမ်းတွေကလည်း တိုးချဲ့စိုက်ပျိုးမှုတွေရှိတဲ့အတွက်ကြောင့်မို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့နိုင်ဖို့တော့ လျာထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲနှင့်ပဲစဥ်းငုံတို့ကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ပဲစိုက်ရာသီတွင် ပြည်တွင်းရှိတောင်သူများ မတ်ပဲနှင့် ပဲစဥ်းငုံ အဓိကစိုက်ပျိုးရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ မေ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၄၇ နိုင်ငံသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၉ သန်းအထိ တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁ ဒသမ ၄၇ ဘီလျံအထိ ရရှိခဲ့ပြီး ပင်လယ်ကြောင်းမှ အများဆုံးတင်ပို့ခဲ့ပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၁၃၁ သိန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၇ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *