MT News
၂၃. ၅. ၂၀၂၃

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများ ပြုလုပ်သည်ဆိုသည့် အထည်ချုပ်စက်ရုံနှစ်ခုနှင့် ပတ်သက်ပြီး သတင်းဖော်ပြမှုအပေါ် သမီးတော်စွမ်းအား ကုမ္ပဏီကို သတိပေးခဲ့သော်လည်း Lucky Fortune Garment စက်ရုံနှင့်ပတ်သက်သောသတင်း မှားယွင်းနေကြောင်း အလုပ်သမားဝန်ကြီးဌာနက ရှင်းလင်းထားသည်။

Myanmar Labour News ၏ ၄-၅-၂၀၂၃ ရက်စွဲပါ စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်း၊ အမှတ်(၁၈/ ၂၁၂)ရှိ ဒေါ်လွင်လွင်သန်း(မြန်မာနိုင်ငံသား)ပိုင် သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ခွင့်ယူပါက ခွင့်ယူသည့်ရက်အတွက် လစားမဲ့ခွင့်အဖြစ် သတ်မှတ်ပြီး ရရှိသည့်လစာမှ ဖြတ်တောက်ခံနေရကြောင်း၊ အလုပ်ဝင်ချိန် (၅)မိနစ် စောဝင်ခိုင်းပြီး အလုပ်ဆင်းချိန် ၁၅ မိနစ်/ ၂၀ မိနစ် နောက်ကျပြီးမှ အမြဲအလုပ်ဆင်းနေရကြောင်း ဖော်ပြပါရှိသည်။

အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ စက်ရုံသို့သွားရောက်ကာ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ အလုပ်သမား ကိုယ်စားလှယ် (၁၅)ဦး၊ HR မန်နေဂျာ (၂)ဦးတို့အား စစ်ဆေးမေးမြန်းခဲ့ရာ အလုပ်သမားများ ခွင့်ယူပါက လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ခွင့်တိုင်ကြားရာတွင် တရားဝင်စာရွက်စာတမ်းဖြင့် တိုင်ကြားမှုမရှိခြင်း၊ နီးစပ်ရာ လုပ်ဖော်ကိုင်ဖက်များတစ်ဆင့် တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ကိုယ်တိုင် တိုင်ကြားမှုမရှိခြင်း၊ ခွင့်လက်ကျန်မရှိခြင်းတို့ကြောင့် လစာမဲ့ခွင့် အဖြစ်သတ်မှတ်၍ လစာမှ ဖြတ်တောက်မှုရှိကြောင်း၊ စက်ရုံအတွင်းသို့ အလုပ်ချိန်မတိုင်မီ (၅)မိနစ်စောဝင်ရခြင်းနှင့် အလုပ်ဆင်းချိန် (၁၅)မိနစ်/ ၂၀ မိနစ် နောက်ကျဆင်းရခြင်းရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ လုပ်ငန်း မစတင်မီ စက်သန့်ရှင်းရေးလုပ်ရခြင်းနှင့် လုပ်ငန်းပြီးဆုံးသည့် နောက်တွင် စက်သန့်ရှင်းရေးလုပ်ရခြင်း၊ အချို့သော ဝန်ထမ်းများသည် အထည်စံနှုန်း သတ်မှတ်ချက်ပြည့်မီရန် အလုပ်ဆင်းချိန်ကျော်လွန်သည်အထိ လုပ်ကိုင်ကြခြင်း တို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်များအပေါ်  သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ၏ အလုပ်ဝင်ချိန် ၅ မိနစ်စောဝင်ရခြင်း အလုပ်ဆင်းချိန် ၁၅ မိနစ်/ ၂၀ မိနစ် နောက်ကျဆင်းရခြင်းနှင့်စပ်လျဉ်း၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပထမအကြိမ် သတိပေးညွှန်ကြားထားကြောင်း သိရသည်။

ထို့အတူ Myanmar Labour News ၏ ၄-၅-၂၀၂၃ ရက်စွဲပါ စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄)၊ စက်ဆရာဦးထွန်းလမ်း၊ အမှတ် (၉၀)ရှိ ဦးမြတ်ဆွေ (မြန်မာနိုင်ငံသား)ပိုင် Lucky Fortune Garment အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား လစာပေးချေရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ လစာအမှန်/အမှားကို ပြောခွင့်မရှိကြောင်း၊ အလုပ်ချိန်မတိုင်ခင် ၁၅ မိနစ်စော၍ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရပြီး ဝင်ရောက်မလုပ်ကိုင်ပါက မခံမရပ်နိုင်အောင် ပြောဆိုခြင်း၊ အော်ဟစ်ခြင်းများရှိကြောင်း၊ ထမင်းစားချိန်အဖြစ် မိနစ် (၃၀) ရရှိသော်လည်း (၁၀)မိနစ်ဖြင့် ထမင်းအမြန် စားခိုင်းပြီး အထည်ချုပ်ခိုင်းကြောင်း၊ (၁၀)မိနစ်ဖြင့် ထမင်းစားမပြီးပါက စူပါ၊ အောစူပါများမှပြောဆိုခြင်း၊ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ ရှိခြင်းကြောင့် ထမင်းစားချိန် မိနစ် (၃၀) အပြည့်အဝ ရရှိလိုကြောင်း၊ အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်များကို တောင်းခံသဖြင့် ရေသောက်ချိန်၊ အပေါ့အပါးသွားချိန် မရရှိသည်အထိ ချုပ်လုပ်နေရပြီး စံချိန်မပြည့်ပါက ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများရှိကြောင်း၊ ကိုယ်ဝန်ဆောင် အလုပ်သမားများကိုလည်း သက်ညှာစွာခိုင်းစေခြင်းမရှိဘဲ အခြားအလုပ်သမားများနှင့် တန်းတူအထည်များတောင်းခံခြင်း၊ ကိုယ်ဝန်ဆောင်အလုပ်သမားများမှာ ဖယ်ရီကားစီးရာတွင်လည်း အန္တရာယ်ကင်းစွာစီးနိုင်ရန် ဆောင်ရွက်ပေးမှုမရှိကြောင်း၊ စက်ရုံတွင် သောက်ရေပြတ်တောက်ခြင်း၊ ရေမသန့်ခြင်းများရှိကြောင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက ဆေးခန်းတွင် မည်သည့်ဆေးမျှမရှိဘဲ အလုပ်သမားများမှာ မိမိတို့ပိုက်ဆံ စု၍ ဝယ်သုံးရကြောင်း၊ ဆေးခန်းတွင် ဥပဒေနှင့်အညီ ဆေးများစီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဥပဒေပါခွင့်ခံစားခွင့်များမရရှိကြောင်း၊ ခွင့်တိုင်ကြားသော်လည်း ခွင့်မပေးဘဲ ဒေးကြေး ၅,၂၀၀/- ကျပ်၊ ရက်မှန်ကြေး ၁၀,၀၀၀/- ကျပ်၊ စုစုပေါင်း ၁၅,၂၀၀/- ကျပ် ဖြတ်တောက်ခံရသဖြင့် ဥပဒေပါခွင့်ခံစားခွင့်များ ရရှိလိုကြောင်း၊ အချိန်ပိုလုပ်ကိုင်ရာတွင်လည်း အလုပ်သမားများ၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အလုပ်ရှင်နှင့် WCC တို့မှ ပူးပေါင်းလုပ်ဆောင်ပြီး အလုပ်သမားများမသိအောင် လက်မှတ်‌‌ရေးထိုး၍ အချိန်ပိုခွင့်ပြုမိန့်ရရန် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

ထိုဖော်ပြချက်နှင့်ပတ်သက်၍ မေ ၁၁ ရက်နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများသည် စက်ရုံ သို့သွားရောက်၍ စက်ရုံမှူး၊ မန်နေဂျာ၊ HR မန်နေဂျာ၊ WCC အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်များ၊ ကိုယ်ဝန်ဆောင်အလုပ်သမားများနှင့် အခြားအလုပ်သမားများ၊ စုစုပေါင်း (၂၁)ဦးတို့အား စစ်ဆေးမေးမြန်းခဲ့ရာ Myanmar Labour News က ဖော်ပြခဲ့သည့် သတင်းမှာ Lucky Fortune Garment အထည်ချုပ်စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုအရ မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *