၂၃. ၅. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် ထိုင်ဝမ်နိုင်ငံတို့မှ သုံးစွဲကြသည့် ထိပ်တန်း အွန်လိုင်းရှော့ပင်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Shopee မှ ဝန်ထမ်းများ အယောင်ဆောင်ကာ ၂၀၂၃ ခုနှစ် မတ်လမှစတင်၍ အွန်လိုင်းပေါ်မှလိမ်လည်မှုများတွင် အနည်းဆူံး လူ ၄၆ ဦးသည် စင်ကာပူဒေါ်လာ ၇ သိန်းခွဲ ( အမေရိကန်ဒေါ်လာ ၅၅၆,၉၂၃) ကျော် ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် Shopee Singapore တို့က တနင်္လာနေ့ (မေ ၂၂ ရက်) တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

အလိမ်ခံရသူများသည် ပထမဦးစွာ Shopee ဝန်ထမ်းယောင်ဆောင်သူများထံမှ WhatsApp နှင့် Telegram တို့မှ မက်ဆေ့ချ်များကို ရရှိခဲ့ကြပြီး အဆိုပါ မက်ဆေ့ချ်များထဲတွင် Shopee ၏ စစ်တမ်း၌ ပါဝင်ရန် ပလပ်ဖောင်းပေါ်ပြသထားသည့်အရာများကို “Like” လုပ်ပါက အခကြေးငွေအနည်းငယ်ရရှိမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများပါဝင်ကြောင်း ရဲတပ်ဖွဲ့နှင့် Shopee မှ ပြောကြားခဲ့သည်။

ထို့နောက် စစ်တမ်းကို ပြီးမြောက်ခဲ့သူများအား “Shopee Assistant” အဖြစ် လစာပိုပေးမည့် အခန်းကဏ္ဍကို ကမ်းလှမ်းမည်ဖြစ်ကာ လိမ်လည်လှည့်ဖြားသူများသည် Shopee ဖောက်သည်ဝန်ဆောင်မှုအေးဂျင့်များအဖြစ် ဟန်ဆောင်မည်ဖြစ်သည်။

လိမ်လည်သူများက စစ်တမ်းကို ပြီးမြောက်ခဲ့သူများအား Shopee ဝက်ဘ်ဆိုတ်အတုတစ်ခု လင့်ခ်ပေးထားပြီး အကောင့်တစ်ခုစာရင်းသွင်းရန်နှင့် “Shopee assistant” အဖြစ် စတင်ရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။

သို့သော် စာရင်းသွင်းသူများသည် “အလုပ်” မစတင်မီ လိမ်လည်သူများမှ ပေးဆောင်သော ဘဏ်စာရင်းများသို့ ငွေလွှဲခြင်းနှင့် ကြိုတင်ငွေပေးချေရသည့်ကဏ္ဍများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ယုံကြည်မှုရရှိစေရန် ကနဦးအဆင့်တွင် စာရင်းသွင်းသူများက တိုးလာသော ဝင်ငွေများကို လက်ခံရရှိမည်ဖြစ်ကာ အပိုဝင်ငွေများရရှိသောကြောင့် အကောင့်များကို ငွေထပ်မံဖြည့်သွင်းရန် စိတ်ချယုံကြည်သွားကြခြင်း ဖြစ်သည်။

“သူတို့ရဲ့ ဝင်ငွေတွေကို ပြန်မထုတ်နိုင်တဲ့အခါ ဒါမှမဟုတ် လိမ်လည်သူတွေကို ဆက်သွယ်လို့မရတော့တဲ့အခါမှ အလိမ်အညာခံရတဲ့သူတွေက လှည့်စားခံရတာကို သိလိမ့်မယ်” ဟု ရဲနှင့် Shopee Singapore မှ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နှင့် Shopee တို့က ပြည်သူများအား နိုးနိုးကြားကြားရှိနေရန်နှင့် ကြိုတင်ကာကွယ်မှုအစီအမံများချမှတ်ရန် အကြံပြုထားသည်။

အဆိုပါ အကြံပြုချက်များတွင် လိမ်လည်မှုကာကွယ်ရေးအက်ပလီကေးရှင်းများကို စက်ပစ္စည်းများတွင် ထည့်သွင်းထားခြင်း၊ ဘဏ်နှင့် ဆိုရှယ်မီဒီယာ အကောင့်များအတွက် အထောက်အထားစိစစ်ခြင်းကဲ့သို့သော လုံခြုံရေးအင်္ဂါရပ်များဖြစ်သည့် two-factor စနစ်ကို ထည့်သွင်းထားခြင်းတို့ ပါဝင်ပြီး လိမ်လည်မှုလက္ခဏာများကို စစ်ဆေးရန်၊ တရားဝင်သတင်းရင်းမြစ်များကို စိစစ်ခြင်းများ ပြုလုပ်ရန်၊ အရောင်းအဝယ်များကို Shopee အက်ပလီကေးရှင်းပြင်ပတွင် မပြုလုပ်ရန် စသည့်အချက်များ ပါဝင်သည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *