၂၇. ၄. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုပြုရာတွင် လက်ရှိအသုံးပြုနေသော အမေရိကန်ဒေါ်လာ၏မတည်ငြိမ်မှုများအကြား နိုင်ငံခြားငွေကြေးလဲလှယ်မှုဈေးနှုန်းကို ထိခိုက်နိုင်သည့် အန္တရာယ်လျော့ပါးစေရေးအတွက် ယွမ်ငွေနှင့်ဘတ်ငွေ တိုက်ရိုက်လဲလှယ်မှုစနစ်ကျင့်သုံးသွားရန် ထိုင်းနိုင်ငံ ဗဟိုဘဏ်နှင့် တရုတ်နိုင်ငံဗဟိုဘဏ်တို့အကြား ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆီသာပွတ် ဆူသီဝပ်နာရူပွတ်၏ ပြောကြားချက်များအရ ထိုင်းနိုင်ငံ ဗဟိုဘဏ်နှင့် တရုတ်နိုင်ငံဗဟိုဘဏ်တို့က စီးပွားရေးလုပ်ငန်းများကို နှစ်နိုင်ငံအတွင်း ကုန်သွယ်မှုပြုရာတွင် ယွမ်-ဘတ် ပေးချေမှုကိုသာ ကျင့်သုံးသွားရေးတွန်းအားပေးရန်အတွက် အထူးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံဗဟိုဘဏ်က ထိုကိစ္စကိုဆွေးနွေးရန် တရုတ်နိုင်ငံ ဗဟိုဘဏ်နှင့် မေလအတွင်း ထပ်မံတွေ့ဆုံမှုပြုသွားရေး စီစဉ်နေကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံဘဏ်များက ၎င်းတို့၏ ယွမ်-ဘတ် ငွေကြေးလဲလှယ်မှုအစီအစဉ်ကို အသစ် သက်တမ်းတိုးခဲ့သည်။ ၎င်းအစီအစဉ်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ငွေကြေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းက နယ်စပ်ကုန်သွယ်ရေးများတွင် ဒေသခံငွေကြေးများကို အသုံးပြုခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ယုံကြည်ကိုးစားမှုရရှိရန်လည်း ရည်ရွယ်သည်။ ဤကဲ့သို့ ဒေသခံငွေကြေးဖြင့် လဲလှယ်ပေးချေမှု မူဘောင်အောက်တွင် ထိုင်းဗဟိုဘဏ်က ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မလေးရှားနိုင်ငံ နီဂါရာဘဏ်နှင့် အင်ဒိုနီးရှားဗဟိုဘဏ်တို့ဖြင့်လည်း ပူးပေါင်းကာ အာရှတိုက်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့အတွက် ဒေသတွင်း ငွေကြေးများအသုံးပြုရေးကို ထောက်ခံသည့်အနေဖြင့်လည်းကောင်း၊ လူတစ်ဦးချင်း အသုံးပြုပေးချေမှုများအတွက်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

မစ္စတာ ဆီသာပွတ်က တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါဆိုးမှ စီးပွားရေးပြန်လည်ဖွင့်လှစ်ကာ ပြန်လည်၍ နာလန်ထူလာခဲ့ပြီးနောက် အထူးသဖြင့် ကမ္ဘာ့စီးပွားရေးအခြေအနေမရေရာမှုများနှင့် အမေရိကန်၏ စီးပွားရေးကျဆင်းနေမှုတို့ကဲ့သို့ ပြည်ပအရေးအခင်းများကြောင့် ထိုင်းပို့ကုန်များကို တရုတ်ဆီသို့ တင်သွင်းမှုလျော့နည်းခဲ့သည်။

ထိုင်းဗဟိုဘဏ်၏ခန့်မှန်းချက်အရ တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ ပို့ကုန်တင်ပို့မှုက ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ်အလားတူကာလထက် ၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ ဒုတိယနှစ်ဝက်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ဆိုသည်။ ထိုင်းနိုင်ငံအနေနှင့် စီးပွားရေးတွင် ပြည်ပပို့ကုန်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့၌ တရုတ်နိုင်ငံအပေါ် များစွာမှီခိုအားထားနေရသည်။

Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *