၂၇. ၄. ၂၀၂၃
Written by Peya

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ဧရာဝတီမြစ်အတွင်း မိသားစုလိုက်ရေနစ်၍ သုံးဦးရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ပျောက်ဆုံးနေသော အမျိုးသားအလောင်းကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းတွင် ပြန်တွေ့ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက် ညနေပိုင်း ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဆိပ်ခံဘောတံတားမှ ဧရာဝတီမြစ်အတွင်းသို့ မိသားစုခြောက်ဦး ရေဆင်းချိုးရာမှ ရေနစ်သွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦးမှာ အသက်ရှင်ခဲ့သော်လည်း အသက် ၂၈ နှစ်အရွယ် အမျိုးသား၊ အသက် ၂၇ နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၃ နှစ်အရွယ် အမျိုးသားငယ်တို့ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ မိန်းကလေး သုံးယောက်က ကယ်ပြီးသွားပြီဗျ။ ပတ်ဝန်းကျင်က ကယ်ပေးလိုက်တာ။ နှစ်လောင်း (ပျောက်သွားတဲ့ နှစ်ယောက်ထဲ အသက် ၂၈ နှစ်အရွယ် အမျိုးသားအလောင်းနဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသားငယ်အလောင်း) ကို ညပိုင်း ၇ နာရီ ၁၅ မိနစ်လောက်မှာ တစ်ပြိုင်နက်တည်း ပြန်တွေ့ပါတယ်။ ကမ်းနားဘက်နားမှာ တွေ့တာပါ။ နောက်တစ်ယောက်က ဒီမနက် ၆ နာရီမှာ ကမ်းစပ်မှာ လာတင်တာကို တွေ့ရတာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ရေနစ်ရသည့် အကြောင်းရင်းကို သိရခြင်း မရှိဘဲ အကူအညီ တောင်းခံလာသည့်အတွက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“သူတို့က မိသားစုလိုက် လာပြီးတော့ ရေဆော့ကစားကြတာပါ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *