၂၇. ၄. ၂၀၂၃
Written by Hey Mar

ပျဥ်းမနားမြို့ ဘောဂသီရိကားကြီးကွင်းရှေ့ ကုက္ကိုပင်အောက်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် စွန့်ပစ်ခံထားရသည်ကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက တွေ့ရှိ၍ ကူညီပေးခဲ့ရကြောင်း မိုးစေတနာပရဟိတအသင်း ပျဥ်းမနားရုံးမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ထိုအမျိုးသမီးမှာ အသက် ၄၅ နှစ်အောက်ဟု ခန့်မှန်းရပြီး အမည်မှာ မယမင်းလှိုင်ဟု သိရသည်။ ရရှိထားသော ဒဏ်ရာပုံစံများမှာ ညာလက်တွင် ရေနွေးပူနှင့် အလောင်းခံထားရ၍ ညိုပုပ် အသားနီလန်နေသောဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ပျော့ဒဏ်ရာများရရှိထားကာ အစားအစာမစားရသဖြင့် အားအင်နည်းပါးကာ လမ်းပင်မလျှောက်နိုင်ဟု အဆိုပါအသင်းတာဝန်ရှိသူက ဆိုသည်။

“လာစွန့်ပစ်တော့ သူ့ခါးမှာ သူ့မှတ်ပုံတင် ချည်ပေးလိုက်တယ်။ အဲဒီ မှတ်ပုံတင်လိပ်စာအရ သူက တောင်တွင်းကြီးကဆိုတာ သိရလို့ ချိတ်ဆက်ဆောင်ရွက်တော့ သူ့မိသားစုကိုတော့ အဆက်အသွယ်ရတယ်။ အမျိုးသမီးက သူ့ဖြစ်ကြောင်းကို အစမှာ သူကမပြောဘူး။ ဆေးရုံရောက်တော့မှ ရဲနဲ့ ဆရာဝန်က ချော့တန်ချော့ ခြောက်တန်ခြောက်ပြီး မေးလို့ သူက တောင်တွင်းကြီးကနေ ၂ လပိုင်းထဲကထွက်လာပြီး နေပြည်တော် တပ်ကုန်းက ယောကျာ်းတစ်ယောက်နဲ့လာပေါင်းသင်းနေတာ။ အဲဒီယောကျာ်းရဲ့မိသားစုက သူ့ကို နှိပ်စက်ထားတာ။ သူ့ဒဏ်ရာတွေက သူ့ယောက္ခမလုပ်တာဆိုပြီး ထွက်ထားတယ်။ အခု ဟိုဘက် တောင်တွင်းကြီးမိသားစုက သူ့သား လိုက်လာနေပြီ”ဟု မိုးစေတနာပရဟိတအသင်းမှတာဝန်ရှိသူက MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မယမင်းလှိုင် နှိပ်စက်ခံရပုံမှာ လက်ကောက်ဝတ်များကို ကြိုးတုပ်၍ ဦးခေါင်းကို တုတ်ဖြင့် ထုခြင်း၊ ရိုက်ခြင်း၊ ရေနွေးပူလောင်းခြင်း၊ အစာမကျွေးခြင်း စသည်ဖြင့် နှိပ်စက်ခံရကြောင်း ရဲမှတ်တမ်းယူရာတွင် ထွက်ဆိုသည်ဟု သိရသည်။

အဆိုပါအမျိုးသမီးအား လက်ရှိတွင် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီး အရေးပေါ်ကုသဌာနတွင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *