MT News

၂၆. ၄. ၂၀၂၃

ယခုနှစ်တွင် ​ပြန်လည်မွေးထုတ်ခဲ့သည့် လူရည်ချွန် ၄၇၈ ဦးကို ပုဂံ၊ တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန် စခန်းအသီးသီးသို့ လေ့လာရေးခရီးစဥ် စေလွှတ်မည်ဖြစ်​ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားစဥ် အသိပေးခဲ့သည်။

“လူရည်ချွန်စီမံကိန်း ”ကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် “ လူရည်ချွန်စီမံကိန်း ”ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန် လူငယ်စီမံကိန်း” အဖြစ် ပြန်လည် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အမည်နှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရ၍ လာမည့်နှစ်တွင် နှစ် ၆၀ ပြည့်တော့မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်ပွားမှုထိန်းချုပ်ရသည့်အခြေအနေကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ယခု ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်းလူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန် စခန်းအသီးသီးကို လေ့လာရေးခရီးစဉ် အဖြစ် စေလွှတ်သွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ အဖွဲ့လိုက် စုစုစည်းစည်း သွားလာနေထိုင်လေ့လာကြခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူရည်ချွန် မောင်မယ်များအနေဖြင့် အချင်းချင်း ရင်းနှီးခင်မင်မှုရရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊‌ ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့် မိမိတို့‌သူငယ်ချင်းများ နေထိုင်ရာဒေသအကြောင်းနှင့် လူရည်ချွန်စခန်း အခြေစိုက်ရာဒေသများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ဒေသန္တရ ဗဟုသုတများ တိုးပွားစေမည်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များကိန်းအောင်း ရှင်သန်လာစေမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *