၂၇. ၄. ၂၀၂၃
Written by Nay Aung

ဗီယက်နမ်နိုင်ငံ Ben Tre ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့သည် ပင်လယ်ပြင်အတွင်းမျောပါနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဧပြီ ၂၅ ရက်နေ့က ကယ်တင်ပေးခဲ့ကြောင်း ဗီယက်နမ်သတင်းဌာန Vietnamplus တွင် ရေးသားဖော်ပြထားသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေသော ဗီယက်နမ်ငါးဖမ်းသင်္ဘောဖြစ်သော Tran Minh Nghia မှ ငါးဖမ်းသမားများသည် ပင်လယ်ပြင်ထဲမျောပါနေသော မြန်မာနိုင်ငံသားကို ကယ်တင်ပေးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ထံ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။ ဗီယက်နမ် ငါဖမ်းသင်္ဘောပေါ်မှ ငါးဖမ်းသမားများနှင့် Ben Tre ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ပင်လယ်ပြင်အတွင်း တစ်ဦးတည်းမျောပါနေသော မြန်မာနိုင်ငံသားကို ကမ်းခြေသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့သည် ကယ်တင်ပေးထားသော မြန်မာနိုင်ငံသား၏ ကျန်းမာရေးအခြေနေများကို စစ်ဆေးရန်အတွက် ဗီယက်နမ်စစ်တပ်၏ ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်ပေးခဲ့ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်အောင် ကုသပေးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားသည် ကျန်းမာရေးပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း ဗီယက်နမ်အခြေစိုက် Vietnamplus သတင်းဌာနက ဖော်ပြထားသည်။

သို့သော် ဗီယက်နမ်ရေပိုင်နက်အတွင်း မြန်မာနိုင်ငံသား မည့်သို့ ရောက်ရှိလာသည်ဆိုသောအချက်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း၊ အသေးစိတ်စစ်ဆေးမေးမြန်းပြီးမှသာ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Ben Tre ဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့ကပြောသည်။ ဗီယက်နမ်ရေပိုင်နက်အတွင်းတစ်ဦးတည်း မျောပါနေသော မြန်မာနိုင်ငံသားသည် အသက် ၃၀ ဝန်းကျင်အရွယ်ရှိကြောင်း ဗီယက်နမ် အခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။

Ref — vietnamplus

Leave a Reply

Your email address will not be published. Required fields are marked *