၁၈. ၄. ၂၀၂၃
Written by Phyo Wei

အာဆီယံဒေသတွင်းနိုင်ငံတွေထဲက စစ်ရေးစရိတ်သုံးစွဲမှုအနည်းဆုံးနိုင်ငံတွေထဲမှာ လက်နက်ကိုင်အဖွဲ့အစည်း ၆၀၀ လောက်နဲ့ ရင်ဆိုင်နေရတဲ့ တပ်မတော် ပါဝင်နေတယ်လို့ အမေရိကန်အခြေစိုက် Global Fire Power က ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့သလို ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို TIME မဂ္ဂဇင်းက Artists၊ Innovators၊ Titans၊ Leaders၊ Pioneers၊ Icons ကဏ္ဍတွေနဲ့ ခွဲခြားဖော်ပြရာမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ ဂျာမနီအဓိပတိ အော့လက်ဇ် ရှီလ်း တို့နဲ့အတူ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းထဲပါဝင်လာခဲ့တဲ့ ဒီရက်သတ္တပတ်မှာဆိုရင် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုခဲ့တဲ့အကြောင်း၊ သင်္ကြန်မဏ္ဍပ်တွေကို ဗုံးခွဲတိုက်ခိုက်ခံရမှုအကြောင်းနဲ့ ကျေးရွာတွေမှာ ဝင်ရောက်လုယက်တဲ့ KTLA (ကော်သူးလေတပ်မတော်)အကြောင်းတွေကို ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် တင်ပြချင်ပါတယ်။

“ပဇီကြီးရွာဂယက်”

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ NUG ရဲ့ ပကဖတွေက ပြည်သူ့အုပ်ချုပ်ရေးရုံးကို ဧပြီ ၁၁ ရက်မှာ ဖွင့်လှစ်ခဲ့ချိန်မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုပြုခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးသွားရချိန်မှာ ကလေးငယ်တွေပါဝင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ထိုင်းနဲ့ အိန္ဒိယအစိုးရက NUG, PDF တွေကို လိုက်ဖမ်းနေတာကြောင့် ကမ္ဘာက ကရုဏာသက်စရာဖြစ်စဉ်တစ်ခု ပေါ်ထွက်လာပြီး ဖမ်းဆီးမှုတွေ လျော့ကျဖို့လိုအပ်လာနေချိန်မှာ ပဇီကြီးရွာဖြစ်စဉ်ချိန်ကိုက်ဖြစ်လာအောင် တပ်မတော်(လေ) ကို သတင်းပေးခဲ့တာကြောင့်လည်း လေကြောင်းတိုက်ခိုက်မှုပြုချိန်မှာ ကလေးငယ်တွေပါ စတေးခံလိုက်ရတာပါပဲ။ ပိုဆိုးတာကတော့ လေကြောင်းတိုက်ခိုက်ခံရမှုထက် NUG ရဲ့ ပကဖတွေ PDF တွေရဲ့ မိုင်းတွေကွဲပြီး အများအပြားသေရတဲ့ဖြစ်စဥ်လည်း ဆင့်ကဲဖြစ်ခဲ့တာပါ။

ဒီဖြစ်စဉ်နောက်မှာတော့ NUG ဟာ ကမ္ဘာကို အရေးယူပေးဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးယူနိုင်ဖို့၊ အလှုခံဖို့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာသလို သေဆုံးရသူတွေကို ရက်လည်ဖို့တောင် ဘုန်းကြီးမရှိလို့
အွန်လိုင်းကနေ ရက်လည်ဆွမ်းသွပ်လုပ်ခဲ့ရတယ်လို့ ပြောလာပါတယ်။ ဒါပေမဲ့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာကို သေဆုံးသူစာရင်းမှာ NUG ရဲ့ လက်နက်ကိုင်ပကဖတွေ ပါဝင်နေတာနဲ့ ရွာအလယ်မှာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်တယ်ဆိုတာကို ဝန်ခံထားတာကြောင့်လည်း ကမ္ဘာက အရေးယူဖို့ ခက်ခဲတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။

ဒီနေရာမှာတော့ သတိချပ်သင့်တာနှစ်ခုပါ။ စစ်ကိုင်းတိုင်းဟာ သာသနာထွန်းကားရာနေရာဖြစ်ပေမဲ့ ရဟန်းသံဃာတွေ မနေရဲအောင် PDF တွေက လုပ်ကြံသတ်ဖြတ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ခဲ့သလို ကလေးသူငယ်တွေကို လက်နက်ကိုင်ခိုင်းတာ၊ ဆန္ဒပြခိုင်းတာ အများဆုံးလုပ်နေတာကလည်း NUG ပါပဲ။ ကျေးရွာတွေထဲကနေ ပစ်ခတ်တိုက်ခိုက်လို့ ရွာပေါင်းများစွာ ပျက်စီးခဲ့ရတာကို နမူနာယူပြီး NUG ရဲ့ ခြေကုပ်စခန်းတွေကို ရွာထဲမှာ မထားဖို့၊ ကလေးသူငယ်တွေကို လက်နက်ကိုင်၊ ဆန္ဒပြစေတာမျိုး မလုပ်ဖို့၊ ရွာတွေထဲကနေ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ လုပ်နိုင်ခဲ့ရင် လက်နက်ကိုင်နှစ်ဖက်ကြားမှာ ပြည်သူတွေ စတေးရမှု လျော့ကျလာမှာပါ။ သေချာတာကတော့ အရင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေဟာ NUG လိုမျိုး ရပ်ရွာအခြေပြုတိုက်ပွဲဖော်ဆောင်တာ၊ ကလေးတွေနဲ့ မိန်းမတွေကို လက်နက်ကိုင်၊ ဆန္ဒပြခိုင်းတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ခြေကုပ်စခန်းကိုလည်း ရွာထဲမှာ မထားတာကြောင့် ရပ်ရွာတွေ ထိခိုက်မှုနည်းခဲ့တယ်ဆိုတာ သတိချပ်သင့်ပြီး ပြည်တွင်းစစ် နှစ် ၇၀ ကျော်နိုင်ငံမှာ NUG လက်နက်ကိုင်တဲ့နှစ်နှစ်က ပြည်သူနဲ့ ရပ်ရွာ ကလေးသူငယ်ပါမကျန် အထိအနာဆုံးနှစ်နှစ်ဖြစ်လာတာမြင်လာရကတည်းက NUG ရဲ့ စစ်နည်းဗျုဟာက ပြည်သူကို အကာအကွယ်ယူ ချနင်းတဲ့ ဗျုဟာကို ဦးတည်ဖော်ဆောင်တယ်ဆိုတာ မြင်သာမှာပါ။

“သင်္ကြန်မဏ္ဍပ်တွေ ဗုံးခွဲတိုက်ခိုက်ခံရမှု”

တောထဲရောက်နေတဲ့ PDF တွေက သံချပ်တွေ၊ ယိမ်းတွေနဲ့ပျော်နေပြီး ပြည်ပထွက်ပြေးတဲ့ တော်လှန်သူတွေက အလှုခံသင်္ကြန်တွေနဲ့ ဆင်နွှဲပြီးမှ SAC လုပ်တဲ့ သင်္ကြန်တွေမှာ သာမန်ပြည်သူတွေ မပျော်ဖို့နဲ့ ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေ ကြီးစိုးထားတဲ့အချိန်မှာ Private Festival တွေလည်း မသွားနိုင်၊ ချောင်းသာ၊ ငွေဆောင်လိုမျိုး ကမ်းခြေတွေကိုလည်း ခရီးမထွက်နိုင်၊ PDF က ဗုံးခွဲမှာကြောက်လို့ SAC က လုပ်ပေးတဲ့ မဏ္ဍပ်တွေကိုလည်း မသွားရဲတဲ့ သာမန်ပြည်သူတွေအတွက်တော့ သင်္ကြန်ပိတ်ရက်တွေဟာ ငရဲပါပဲ။

တစ်ဖက်မှာလည်း PDF တွေဟာ မဏ္ဍပ်တွေကို ဦးတည်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားသလို တကယ်လုပ်ခဲ့ပြီး သင်္ကြန်အကြိုရက်မနက်မှာတင် လားရှိုးဗဟိုမဏ္ဍပ်အနီး ရန်တိုင်းအောင်ဘုရားအဆင်းလမ်းမှာ ကားမိုင်းခွဲခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးရသူအချို့ဟာ မိုင်းလာခွဲတဲ့ PDF တွေလို့လည်း သတင်းထွက်ခဲ့ပေမဲ့ ဒီဖြစ်စဉ်မှာ သေဆုံးရသူလေးဦးနဲ့ ဒဏ်ရာရသူ ၁၁ ဦးက ပြည်သူတွေပါပဲ။

ဒုတိယဖြစ်စဉ်ကတော့ PDF တွေက ပျုရွာလို့ သတ်မှတ်ထားပြီး မကြာခဏသွားရောက်တိုက်ခိုက်တဲ့ ကြွယ်ပုံရွာ ဖြစ်စဉ်ကတော့ တော်တော်ရုပ်ဆိုးတယ်လို့ ပြောရမှာပါ။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရဲ့ အခြေခံပညာ အလယ်တန်းကျောင်းရှေ့မှာ ဧပြီ ၁၃ ရက်က ကျေးရွာသူ၊ ကျေးရွာသားတွေ ရေကစားမဏ္ဍပ်မှာ ရေကစားနေချိန် အကြိုနေ့ညနေဘက်မှာ Drone Drop ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ကလေးငယ်ငါးဦးအပါအဝင် ၈ ဦးသေဆုံးပြီး လူ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ဒါဟာ NUG ထောက်ခံသူတွေဘက်မှာတော့ ပဇီကြီးရွာအတွက် လက်စားချေတာကွဆိုပြီး ပျော်ခဲ့ကြတဲ့ဖြစ်စဉ်ပါပဲ။

ဒါ့အပြင်လည်း အကျနေ့ ဧပြီ ၁၄ ရက်မှာတော့ ဟုမ္မလင်းမြို့နယ် အောက်တောင်ပေါ်ကျေးရွာမှာ PDF တွေ ဗုံးခွဲတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့သလို အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့မှာ ကယားပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ ကခုန် ရေကစားနေချိန် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ PDF တွေက Drone တစ်စီးနဲ့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာတော့ တိုက်ခိုက်သူတွေဟာ Loikaw PDF နဲ့ Falcon Wings တို့က ကျုးလွန်ခဲ့တာဖြစ်ပြီး သူတို့ကိုယ်တိုင်ကလည်း တိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြင် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြိုနယ် ငွေတွင်းရွာမှာ ရေကစားနေသူတွေကို Drone Drop ဗုံးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ်သုံးဦးအပါအဝင် ၁၃ ဦးဒဏ်ရာရမှုလည်း သင်္ကြန်အကြတ်ညနေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

သင်္ကြန်သုံးရက်ဆက် တိုက်ခိုက်ခဲ့တာကြောင့် အတက်နေ့ရဲ့ သာမန်မဏ္ဍပ်တွေမှာ လူနည်းပါးခဲ့ပေမဲ့ မြို့ကြီးတွေက လုံခြုံရေးတင်းကျပ်ထားတဲ့ ဗဟိုမဏ္ဍပ်တွေမှာတော့ လူများပြားခဲ့သလို မန္တလေး၊ ရခိုင်၊ ပဲခူး စတဲ့ မဏ္ဍပ်တွေ လူစည်ကားခဲ့တဲ့မြင်ကွင်းတွေ Private Festival တွေနဲ့ ကမ်းခြေမှာ အပန်းဖြေပျော်ရွှင်နေတဲ့ သင်္ကြန်ပျော်ရွှင်သူတွေရဲ့ ပုံရိပ်တွေကတော့ ပြည်သူကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပိတ်ပင်လို့တောင် မရတော့ဘူးဆိုတဲ့ သက်သေတွေ ဖြစ်ခဲ့ပါတယ်။

“ကျေးရွာတွေမှာ ဝင်ရောက်လုယက်တဲ့ ကော်သူးလေတပ်မတော်”

NUG နဲ့ ချိတ်ဆက်တိုက်ပွဲဝင်နေတဲ့ စောနယ်ဒါးမြရဲ့ KTLA ဟာ KNU တပ်မဟာ (၇) နယ်မြေမှာ တိုက်ပွဲဖော်ဆောင်ချိန် ကျေးရွာတွေကို ဝင်ရောက်လုယက်ခဲ့တယ်လို့ KNU က စာထုတ်ခဲ့ပြီး ဒီလိုမျိုး အောက်တန်းကျတဲ့ လုယက်မှုတွေကို ကျုးလွန်နေတဲ့ KTLA (ကော်သူးလေတပ်မတော်) ကို တပ်မဟာ(၇) နယ်မြေအတွင်း အခြေချ လှုပ်ရှားခွင့်မပြုတော့ဘူးလို့ KNU က ပြောလာပါတယ်။

KTLA ဟာ တပ်မဟာ(၇) ဘားအံခရိုင် နယ်မြေအတွင်းကို ဧပြီလ ပထမပတ်အတွင်း ဝင်ရောက်ခဲ့ပြီး ဧပြီလ ၅ ရက်မှာ တိုက်ပွဲတွေစတင်ခဲ့တာပါ။ KTLA ကို စောနယ်ဒါးမြ ဦးဆောင်နေပြီး သူဟာ KNU လက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့ချိန် ဝေါလေမှာ သာမန်လမ်းလုပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ခဲ့လို့ KNDO စစ်ဦးစီးချုပ်ရာထူးနဲ့ တာဝန်က ရပ်ဆိုင်းခံခဲ့ရတဲ့နောက် စောနယ်ဒါးမြဟာ KNU က ခွဲထွက်ခဲ့ပြီး KTLA ကို ထူထောင်ခဲ့တာပါ။

ဒီလိုမျိုး KNU တပ်မဟာ(၇) ဘားအံခရိုင်နယ်မြေအတွင်း ဖော်ဆောင်တဲ့ တိုက်ပွဲတွေအတွင်း KTLA ဟာ ကျေးရွာတွေကို ဝင်ရောက်ပြီး ကျေးရွာသူ/ကျေးရွာသားတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတာ၊ ပစ္စည်းဥစ္စာတွေကို လုယူတာ စတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့အပြင် အတိုင်းအတာတစ်ခုအထိရရှိထားတဲ့ ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးအဖွဲအစည်း (UCKAG) ရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ပျက်စီးအောင်ကြိုးပမ်းခဲ့တာကြောင့် ဒီလိုလုပ်ရပ်တွေကို ကျုးလွန်ခဲ့တဲ့ KTLA ကို KNU တပ်မဟာ(၇) ဘားအံခရိုင် နယ်မြေအတွင်း လုံးဝအခြေချခွင့်၊ လှုပ်ရှားခွင့်ပြုမှာ မဟုတ်ဘူးလို့ KNU က ထုတ်ပြန်ခဲ့တာပါ။

KTLA ဟာ လက်ရှိအချိန်မှာ NUG ရဲ့ အထောက်အပံ့ခံ ဗိုလ်စလုံးဦးဆောင်တဲ့ PDF တွေရဲ့ ဆင်ဖြူစစ်ကြောင်း၊ KNU ဩဇာခံ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းလိုက်တဲ့ Venom စစ်ကြောင်း၊ DKBA ခွဲထွက် စောကျော်သက်ရဲ့ စစ်ကြောင်းနဲ့ အခြားသော PDF ပူးပေါင်းစစ်ကြောင်းတွေကို ဦးဆောင်နေပြီး အရင်တုန်းက PDF စစ်ကြောင်းတွေဟာ ရွာတွေကို လုယက်ဖျက်ဆီးတာတွေ လုပ်တယ်ဆိုရင် မယုံကြည်ကြသူတွေ လက်မခံနိုင်ကြသူတွေကလည်း ဒီတစ်ကြိမ်တော့ PDF တွေလည်း ဖျက်ဆီးလုယက်တတ်တယ်ဆိုတာကို KNU ထုတ်ပြန်ချက်ကြောင့် အောင့်သက် သက်နဲ့ လက်ခံလိုက်ရပါပြီဆိုတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *