မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာ တို့အတွင်း PDF များ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိ

၁၈. ၄. ၂၀၂၃
Written by Nay Moe

မြိုင်မြို့နယ်မှ PDF နှင့် ဆက်နွှယ်သည်ဟု ယူဆရသူ ၃၀ ကို စစ်ဆေးရန် ခေတ္တထိန်းသိမ်းထားကြောင်းနှင့် မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာ တို့အတွင်း PDF များ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့အတွင်း၌ PDF များ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှု ကို မလိုလားသည့် တာဝန်သိဒေသခံများ ကျေးရွာသူ၊ ကျေးရွာသားများ၏ သတင်းပေးပို့မှု အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် သတင်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကြီးကန်ကျေးရွာအား ဝင်ရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ၌ PDF များနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၀ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ခေတ္တထိန်းသိမ်းထားရှိခဲ့ပြီး မကြီးကန်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်းအတွင်းမှ ကျည်အိမ်မျိုးစုံ၁၀ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံး သီး ၃ လုံး၊ ကျည်မျိုးစုံ ၇၈၀ တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများအပါအဝင် ယူနီဖောင်းမျိုးစုံ ၅၃ စုံ၊ ကျည်ကာအင်္ကျီ ၂ ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခို ကျင်း ၁ ခု၊ မော်တော်ယာဉ်မျိုးစုံ ၃ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၅ စီး တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ကန်ကြီးကျေးရွာအတွင်းသို့ ဝင်ရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ Nissan အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၁၅ စီး တို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း PDF များခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *