၃၁. ၃. ၂၀၂၃

Written by Hey Mar

ဧပြီလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများနှင့် ရုတ်တရက် လေပြင်းများတိုက်ခတ်ခြင်း ၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်​သဖြင့်ကြိုတင်သတိပြုနိုင်စေရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

မတ်လ ၃၀ ရက် ညနေပိုင်းတွင် တိုင်းထွာချက်များအရ ဧပြီ ၂ ရက်မှ ၅ ရက်အတွင်း အနောက်ဖက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ကျန်တိုင်းဒေသကြီးးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်းသိရသည်။

မတ် ၃၁ ရက်နံနက် ၇ နာရီ တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေး၊ တနင်္သါရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။

“Indian Ocean Dipole(IOD) – Positive ဖြစ်စဉ်အားကောင်းနေတာကြောင့် အနောက်-အနောက်မြောက်ဖက်ကနေ တိမ်တိုက်တွေဝင်ရောက်လာပြီး မြန်မာနိုင်ငံအထက်ပိုင်း(စစ်ကိုင်းတိုင်းမြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ မိုးရွာပြီး နေရာကွက် မိုးကြီးနိုင်ပါတယ်။ အဲဒီထူးခြားတဲ့ မိုးလေဝသအခြေအနေကြောင့်စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသအချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးပြီး မိုးသီးကြွေတာနဲ့ ရေကြီးရေလျှံဖြစ်လာနိုင်မဲ့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရနိုင်ပါမယ်”ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MT News သို့ပြောသည်။

Indian Ocean Dipole(IOD) ဖြစ်စဥ်ဆိုသည်မှာ အယ်နီညို၊ လာနီညာ ဖြစ်စဥ်များလိုပင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး အယ်နီညို၊ လာနီညာ ဖြစ်စဥ်များသည် မည်သည့်အချိန်၊ မည်သည့်လတွင် အစွန်းရောက်သည့် သက်ရောက်မှုများဖြစ်လာနိုင်သည်ဟု ပုံသေနီးပါးမှတ်သားထားနိုင်သော်လည်း ၊ Indian Dipole ဖြစ်စဥ်မှာ အာရေဗျပင်လယ်ပေါ်တွင် ဖြစ်ပေါ်နေသည့် သဲကန္တာရကြီးပေါ်မှ လေစီးကြောင်းများ၊ ဟိမဝန္တာတွင် ဖြစ်ပေါ်နေသည့် လေအေးစီးကြောင်းများကြောင့်၊ လက်ဝဲရစ်နှင့် လက်ယာရစ်လေစီးကြောင်းနှစ်မျိုးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်ကရှင်းပြသည်။

“လက်ဝဲရစ်ကိုတော့ Negative dipole လို့ခေါ်တယ်။ အခုဖြစ်နေတဲ့ လက်ယာရစ်လေစီးကြောင်းကိုတော့ Positive dipole လို့ခေါ်တယ်။ အဲဒီတော့ အယ်နီညို၊ လာနီညာဖြစ်စဉ်နဲ့ Dipole ဖြစ်စဉ်နဲ့ မတူတဲ့အဓိကအချက်က သူက အယ်နီညို၊ လာနီညာလိုမျိုး ဘယ်လ၊ ဘယ်လတွေမှာ ရာသီဥတုပြောင်းလဲခြင်းဖြစ်မယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက်ကာလမရှိဘူး။ သူက ဖြစ်ချင်တဲ့အချိန်ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမျိုးပေါ့။ ပြီးခဲ့တဲ့လာနီညာလက်ကျန်နဲ့ Dipole ဖြစ်တဲ့ အချိန်နဲ့ သွားပြီးတိုက်ဆိုင်တဲ့အခါကျတော့ မတ်လ အတွင်းမှာလည်း တချို့ရက်တွေမှာ တိမ်တွေ ရုတ်တရက်ဝင်လာပြီး တချို့နေရာတွေ မိုးကြီးတာတွေ၊ မိုးသီးကြွေတာတွေဖြစ်ခဲ့တယ်”ဟု ဦးဝင်းနိုင်က သူ၏ လေ့လာတွေ့ရှိချက်ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News