ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း မတ်ပဲများသိမ်းနေသည်ကို တွေ့ရစဥ်

၃၁. ၃. ၂၀၂၃
Written by Ye Kyaw

လက်ရှိဘဏ္ဍာနှစ် ၁၁ လခွဲတွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်ရရှိခဲ့ပြီး မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ၁၁ လခွဲအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၀၂ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလျံရရှိခဲ့သည်။ ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ ဒသမ ၅၄၃ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ‌ဒေါ်လာ ၁ ဒသမ ၁၉ ဘီလျံရရှိခဲ့ပြီး နယ်စပ်မှ တန်ချိန် ၂ ဒသမ ၆ သိန်းနီးပါးတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၉၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မတ်ပဲတန်ချိန် ၆ ဒသမ ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာသန်း ၅၀၀ ကျော်နှင့် ပဲတီစိမ်းတန်ချိန် ငါးသိန်းခန့်တင်ပို့မှုမှ ဝင်ငွေ‌ဒေါ်လာသန်း ၃၅၀ ကျော်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ပဲစဥ်းငုံတန်ချိန် နှစ်သိန်းကျော်တင်ပို့မှုမှလည်း ‌ဒေါ်လာသန်း ၁၇၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်မူ ပဲမျိုးစုံတန်ချိန် နှစ်သန်းကျော်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံခွဲကျော် ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News