◾️ Probox Taxi များကို တစ်ဖွဲ့တည်းက ပစ်မှတ်ထားလုယက်နေပြီး ပုံစံတူဖြစ်ပွားနေ

၁၂. ၃. ၂၀၂၃
Written by Hey Mar

Probox အငှားယာဥ် မောင်းနှင်သူအား ဓားဖြင့်မွှန်းကာ ကားလုယက်ယူဆောင်မှု ယမန့်နေ့ မတ်လ ၂၈ ရက်က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် တာမီနယ် ဆီဆိုင်ဘေး လမ်းကြားတွင်ပင် ထပ်မံဖြစ်ပွားခဲ့ပြီး ယခုလအတွင်း နေရာတူ၊ ဖြစ်စဥ်တူ ၃ ကြိမ်မြောက် လုယက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု လုယက်ခံရသည့်အငှားယာဥ်ပိုင်ရှင်အား MT News မှ ဆက်သွယ်မေးမြန်းရာ လုယက်ခံရသူ၏ တူဖြစ်သူမှ “တက္ကစီက ကိုယ်ပိုင်တက္ကစီကို ဦးလေးကိုယ်တိုင် မောင်းတာပါ။ ဖြစ်စဥ်က အရင်ဖြစ်စဥ်တွေ အတိုင်းဖြစ်နေတာလည်း အမှန်ပဲ။ ဘာလို့လဲဆိုတော့ အရင်က ခံလိုက်ရတဲ့ ၂ ယောက်နဲ့ ကျွန်တော်တို့ အဆက်အသွယ်ရတယ်။ လူတွေလည်း တိုက်စစ်ကြည့်ပြီးပြီ။ ရဲစခန်းကိုလည်း တိုင်ထားပါတယ်”ဟု ပြောသည်။

မတ်လ ၂၈ ရက်ကဖြစ်ပွားသည့်ဖြစ်စဥ်တွင်လည်း ယာဥ်မောင်းဖြစ်သူကို ဓားဖြင့်မွှန်းခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်ကာ Probox Taxi 9D/9815 ယာဥ်အပြင် လက်ကိုင်ဖုန်းနှင့် ငွေသား ရှစ်သောင်းပါ လုယက်သွားခဲ့ကြောင်း သိရသည်။

ယခုလအတွင်း မတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ရာတွင် Probox အငှားယာဥ် YGN 1H/1922 အား လူလေးဦးက ငှားရမ်းကာ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်အရောက်တွင် ယာဥ်မောင်းအား ဓားဖြင့်ထိုး၍ အငှားယာဥ်ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် ဒုတိယဖြစ်စဥ်တွင်လည်း လုယက်ခံရသည့် ကားမှာလည်း Probox ယာဥ်ပင်ဖြစ်ကာ ယာဥ်မောင်းဖြစ်သူအား ထိုးကြိတ်ကာ လမ်းပေါ်သို့ ပစ်ချခဲ့ခြင်းဖြစ်သည်။

ယာဥ်မောင်းများ၏ ပြောဆိုချက်များအရ Probox အငှားယာဥ်များကို လိုက်လံလုယက်နေသူများ၏ ပုံပန်းသဏ္ဍန်များမှာ တစ်ဦးက မျက်လုံးမျက်ဖန်ကောင်း၍ ကုလားစင်ပုံစံရှိကြောင်း၊ ပိန်ပိန်သေးသေးနှစ်ဦးနှင့် ဗလတောင့်တောင့် အရပ်ခပ်ပျတ်ပျတ် တစ်ဦးပါဝင်ကြောင်း သိရသည်။

ပုံစာ။ ပုလဲမြို့သစ်တွင် လုယက်ခံရသော Probox Taxi ယာဥ်များနှင့် ထိုးကြိတ်လုယက်ခံရသော ယာဥ်မောင်းများ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *

Related News