သတိုး
၁၅. ၁၀. ၂၀၂၆
ယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေ ကျပ်ဘီလျံ ၂၁၀၀ မှာ လျာထားပမာဏသာဖြစ်ပြီး မဖြစ်မနေချေးယူမည်မဟုတ်သလို ယခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူထားခြင်းမရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်ထင်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းမှာ သီးခြားစီမံကိန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်၍ ချေးယူခြင်းမျိုးမဟုတ်ဘဲ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ဖြစ်ပေါ်လာသည့် လိုငွေကို ဖြည့်ဆည်းရန်အတွက် ချေးယူခြင်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူရန် လျာထားငွေကျပ် ၂၁၀၀ ဘီလီယံမှာ အသားတင်ချေးယူငွေ ဖြစ်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူထားခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ကျပ် ၂၁၀၀ ဘီလီယံသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန် လျာထားသည့်ပမာဏ ဖြစ်ပါကြောင်း၊ အဆိုပါပမာဏကို မဖြစ်မနေ အပြည့်အဝအသုံးပြုရမည်ဟုဆိုလိုခြင်း မဟုတ်ပါကြောင်းနှင့် လစဉ်အစိုးရငွေတိုက်လက်မှတ်/ အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ကြိုတင်ရောင်းချဖြည့်ဆည်းပြီးနောက် လကုန်ဆုံး၍ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းပိတ်ချိန်တွင် လိုငွေဖြစ်ပေါ်လာမှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့အတူ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၊ ပုဒ်မ ၅ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၁ တို့နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိရောက်သော အသုံးစရိတ်များဖြစ်စေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အစိုးရဌာန/အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း(၃၅/၂၀၁၇)နှင့်အညီ ရငွေများကို ပြည့်မီစေရေး စီမံကြီးကြပ်ကောက်ခံရန်လိုအပ်ပြီး အသုံးစရိတ်များ သုံးစွဲရာတွင် လိုက်နာရမည့်အခြေခံအချက်များ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ကျပ် ၂၁၀၀ ဘီလီယံလျာထားမှုအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အစိုးရငွေတိုက်လက်မှတ်များအပေါ် အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ဗဟိုဘဏ်က ဝယ်ယူသည့်နည်းလမ်းဖြင့် ဖြည့်ဆည်းသွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်မည့် အချိန်ဇယားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၉၃)ပါ ပြဋ္ဌာန်းချက်အတိုင်းဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဘဏ်ချေးငွေကြောင့် ငွေကြေးဖောင်းပွမှု၊ တန်ဖိုးကျဆင်းမှုအပေါ် သတိပြုရန်နှင့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒကို ညှိနှိုင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ဗဟိုဘဏ်တွင် ငွေချေးယူမှုကို တစ်နှစ်ထက်တစ်နှစ် လျှော့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းမှုရာခိုင်နှုန်း ၇၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျလာခဲ့ပါကြောင်း၊ ငွေကြေးဈေးကွက် (Money Market)နှင့် တစ်ဆင့် ပြန်လည်ရောင်းချသည့်ဈေးကွက် (Secondary Market) ဖွံ့ဖြိုးလာသည်နှင့်အမျှ ဗဟိုဘဏ်မှငွေချေး ရယူမှုကို ပိုမိုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုဖိအားများကို လျော့နည်းစေရန် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး (CRR) ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းစသည့် ငွေကြေးမူဝါဒများကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ငွေကြေးမူဝါဒကော်မတီတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးပါဝင်ပြီး လစဉ်အစည်းအဝေးများပြုလုပ်ကာ မူဝါဒများကို ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ လိုငွေအနက် ခန့်မှန်းချက်အရ ငွေကျပ် ၂၁၀၀ ဘီလီယံအတွင်း လိုအပ်ပါက ဗဟိုဘဏ်မှ အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၉၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
