◾️ ဘန်ကောက်နှင့် ပြည်နယ် ၂၀ တွင် ရေဘေးသင့်နေဆဲဖြစ်သော်လည်း ရေပြန်ကျနေပြီဟု ဆို
သက်တံ့
၁၅. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံတွင် စက်တင်ဘာလလယ်မှစ၍ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူ ၇၆ ဦး သေဆုံးခဲ့ရပြီး ပရာချင်ဘူရီပြည်နယ်တစ်ခုတည်း၌ပင် ၂၅ ဦးအထိ သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ပါးရေး ဦးစီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။
ကြာသပတေးနေ့ နေ့စဉ်အစီရင်ခံစာတွင် အဆိုပါ ဦးစီးဌာနက အလယ်ပိုင်းဒေသ အများစုပါဝင်သော ဘန်ကောက်နှင့် ပြည်နယ် ၂၀ တွင် ရေဘေးသင့်နေဆဲ ဖြစ်သော်လည်း ရေပြန်ကျနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ရေကြီးမှုကြောင့် မိသားစုပေါင်း ၇၉၁,၇၀၅ စု (စုစုပေါင်း လူဦးရေ ၂ ဒသမ ၄၃ သန်းခန့်) အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟုလည်း ဆိုသည်။
အဆိုပါ ဦးစီးဌာနသည် ဘန်ကောက်နှင့် ပြည်နယ် ၅၈ ခုရှိ ရေဘေးသင့် မိသားစုပေါင်း ၅၄၀,၂၇၇ စုထံသို့ ဘတ် ၄ ဒသမ ၁၂ ဘီလီယံ ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် သေဆုံးခဲ့သူ ၇၆ ဦးအနက် ပရာချင်ဘူရီတွင် ၂၅ ဦး၊ စမွတ် ပရာကန်တွင် ၉ ဦး၊ ဆူဖန်ဘူရီတွင် ၉ ဦး၊ ချာချောင်းဆောင်တွင် ၇ ဦး၊ စကဲအို (Sa Kaeo) တွင် ၆ ဦး၊ ဘန်ကောက်နှင့် နခွန်နာယုတ်တို့တွင် ၄ ဦးစီ၊ ဆင်းဘူရီ၊ ကန်ချနဘူရီ၊ ချန်သဘူရီ၊ စမွတ် ဆောင်ခရမ်နှင့် ပထုံံဌာနီတို့တွင် ၂ ဦးစီ၊ ချင်းမိုင်၊ တာ့ခ်၊ ဆရာဘူရီ၊ အယုဒ္ဓယ၊ ရယောင်းနှင့် ရတ်ချဘူရီတို့တွင် ၁ ဦးစီ သေဆုံးခဲ့ကြောင်း အဆိုပါ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref: Bangkok Post
