၁၅.၁၀.၂၀၂၆.
Translated by Htwe Ko Tun
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဘာတူ ပါဟတ် ခရိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော အတန်းဖော်မိန်းကလေး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အဆိုပါကျောင်းသားကို အောက်တိုဘာလ ၃ ရက်၊ နေ့လယ် ၂ နာရီခွဲမှ ညနေ ၄ နာရီကြားအချိန်တွင် ယုံပန်မြို့ရှိ SMK Dato’ Seth အထက်တန်းကျောင်း၌ အသက် ၁၆ နှစ်အရွယ် အတန်းဖော်မိန်းကလေး Irene Sofiya Mohd Khairool Faisal အား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အထက်တန်းကျောင်းအတွင်း Irene Sofiya Mohd Khairool Faisal သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က သူမ၏ မိသားစုထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရ၊ Form Four အတန်းတွင် ပညာသင်ကြားနေသော အဆိုပါကျောင်းသားသည် အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲမှ ညနေ ၄ နာရီကြားအချိန်တွင် ယုံပန် မြို့ရှိ SMK Dato’ Seth အထက်တန်းကျောင်း၌ အသက် ၁၆ နှစ်အရွယ် Irene Sofiya Mohd Khairool Faisal အား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
သတ်ဖြတ်မှု ဖြစ်ပွားသည်ဟု ယူဆရသည့်နေ့တွင် Irene ကို ကျောင်းခန်းမဆောင်၌ သတိလစ်မေ့မြောနေပြီး သွေးအလိမ်းလိမ်းဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထိုနေ့ ညနေ ၅ နာရီခွဲအချိန်အထိ မြေးဖြစ်သူ ပြန်မရောက်လာသဖြင့် စိုးရိမ်ပူပန်ကာ ကျောင်းသို့ သွားရောက်ရှာဖွေခဲ့သည့် သူမ၏ အဘွားက Irene ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသတ်ဖြတ်မှုနှင့် ပတ်သက်၍ အသက် ၁၆ နှစ်အရွယ် ကျောင်းသား သုံးဦးကို အစောပိုင်းက ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အနက် တစ်ဦးကို ခြောက်ရက်ကြာ ချုပ်နှောင်ထားရန် အမိန့်ထုတ်ခဲ့သည်။
သတင်းဖော်ပြချက်များအရ၊ တရားခံမှာ အရွယ်မရောက်သေးသူဖြစ်သည့်အတွက် အမည်ဖော်ပြ ထားခြင်း မရှိဘဲ အောက်တိုဘာ ၁၅ ရက်က ဘာတူ ပါဟတ် တရားရုံးတွင် ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ အဖြေပေးခြင်းကို ပြုလုပ်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ လူသတ်မှုဆိုင်ရာ အမှုအခင်းများသည် အထက်တရားရုံး၏ တရားစီရင်ပိုင်ခွင့် အာဏာအောက်တွင် ရှိသောကြောင့်ဟု ဆိုသည်။
တံခါးပိတ် စစ်ဆေးကြားနာမှုအတွင်း တရားသူကြီး ရှေ့မှောက်၌ ၎င်းအား စွဲချက်များကို ဖတ်ပြရာတွင်၊ စွပ်စွဲခံရသူ ကျောင်းသားက စွဲချက်များကို နားလည်ကြောင်း ခေါင်းညိတ်ပြခဲ့သည်ဟု Malay Mail သတင်းဌာနက ဖော်ပြထားသည်။
အာမခံခွင့် မပြုခဲ့ဘဲ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို အမှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် Irene ၏ ရုပ်အလောင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (autopsy report) တင်သွင်းရန် ရက်ချိန်းသတ်မှတ်လိုက်ကြောင်း Free Malaysia Today သတင်းဌာနက ဖော်ပြသည်။
Irene သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အမှုအား အမြန်ဆုံး စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့ပြီး သူမ၏ မိသားစုထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ ပညာရေးဝန်ကြီး ဖာ့ဒ် လီနာ ဆီဒက် က ၎င်း၏ဝန်ကြီးဌာနအနေဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကျောင်းလုံခြုံရေး၊ CCTV ကင်မရာများ တပ်ဆင်ထားရှိမှု၊ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်းစဉ်ဆိုင်ရာ စံသတ်မှတ်ချက်များ (SOPs) လိုက်နာမှု၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျောင်းစီမံခန့်ခွဲမှုကိစ္စရပ်များ အပါအဝင် အခြားအချက်အလက်များကိုလည်း ၎င်းတို့ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ဖာ့ဒ် လီနာ၏ ပြောကြားချက်အရ ကနဦး စုံစမ်းစစ်ဆေးမှုများတွင် ကျောင်း၌ CCTV ကင်မရာများ တပ်ဆင်ထားသော်လည်း Irene ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည့်နေရာကိုမူ မည်သည့်ကင်မရာကမျှ ဖမ်းယူရိုက်ကူးနိုင်ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရသည်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရ မလေးရှားနိုင်ငံတွင် လူသတ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူ များသည် သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ် နှစ် ၃၀ မှ ၄၀ အထိနှင့် ကြိမ်ဒဏ်တို့ ချမှတ်ခံရနိုင်သည်။
မလေးရှားနိုင်ငံတွင် ရာဇဝတ်မှုဆိုင်ရာ တာဝန်ယူမှုရှိနိုင်သည့် အသက်အရွယ်အနိမ့်ဆုံးမှာ ၁၀ နှစ် ဖြစ်သည်။ ၂၀၀၁ ခုနှစ် ကလေးသူငယ်ဆိုင်ရာဥပဒေ အရ ပြစ်မှုကျူးလွန်ချိန်တွင် အသက် ၁၈ နှစ် အောက်ရှိသူများကို သေဒဏ်ချမှတ်နိုင်ခြင်း မရှိပေ။
Ref: CNA
