သက်တံ့
၁၅. ၁၀. ၂၀၂၆
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ကြာသပတေးနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက စာသင်ကျောင်း အမိုးပြိုကျမှုဖြစ်ပွားခဲ့ရာ ကျောင်းသားငယ် ၂၈ ဦးနှင့် ဆရာတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပက်ရှာဝါမြို့ (Peshawar) ရှိ Al Khair Public School ၏ နှစ်ထပ်အဆောက်အအုံသည် တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြံ့ခိုင်မှုမရှိတော့ဘဲ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ကယ်ဆယ်ရေးဝန်ဆောင်မှုအဖွဲ့မှ Bilal Ahmed က CNN သို့ ပြောကြားခဲ့သည်။
ကလေးငယ်အချို့မှာ အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ၎င်းတို့ထံ ရောက်ရှိနိုင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။
ဒဏ်ရာရရှိသူ ကလေးငယ် ၄၇ ဦးရှိကြောင်း ပက်ရှာဝါမြို့ Lady Reading ဆေးရုံပြောရေးဆိုခွင့်ရှိသူ Asim Khan က CNN သို့ ပြောကြားခဲ့သည်။ CNN မှ ရရှိထားသော ဗီဒီယိုမှတ်တမ်းများတွင် လမ်းကျဉ်းများအတွင်း လူနာတင်ယာဉ်များ အလျင်အမြန် မောင်းနှင်နေကြပြီး စာသင်ကျောင်း အဆောက်အအုံအပြင်ဘက်တွင် လူအများအပြား စုဝေးနေကြသည်ကို တွေ့မြင်ခဲ့ရသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ အေပီသတင်းဌာန (AP) က ဖော်ပြရာတွင် ဒေသခံပြည်သူများသည် အခင်းဖြစ်ပွားရာနေရာသို့ ပထမဆုံး ရောက်ရှိခဲ့ကြသူများဖြစ်ပြီး ကယ်ဆယ်ရေးသမားများမှာ မိနစ်ပိုင်းအတွင်း ရောက်ရှိလာခဲ့ကြသည်ဟု ဆိုသည်။
ပါကစ္စတန်တွင် အဆောက်အအုံ ပြိုကျမှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ပြဿနာတစ်ခု ဖြစ်သည်။ နိုင်ငံအတွင်း ဆောက်လုပ်ရေး စံချိန်စံညွှန်းများ ကြပ်မတ်မှု အားနည်းလေ့ရှိပြီး အဆောက်အအုံ အများအပြားကို စံချိန်မမီသော ပစ္စည်းများဖြင့် ဆောက်လုပ်ထားကြသည်။

ပါကစ္စတန် သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) က ဤဖြစ်စဉ်ကို “ရင်နင့်ဖွယ် ဝမ်းနည်းစရာ အဖြစ်ဆိုး” ဟု ခေါ်ဆိုခဲ့ပြီး ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို ဘက်စုံစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
“ဒီလို ဝမ်းနည်းစရာအချိန်မှာ တစ်နိုင်ငံလုံးက ခံစားရတဲ့ မိသားစုတွေနဲ့အတူ ဝမ်းနည်းပူဆွေးမှုကို အတူတကွ မျှဝေခံစားပါတယ်” ဟု သမ္မတရုံးက X (Twitter) တွင် ရေးသားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ရုပ်လောင်းများကို ဖော်ထုတ်ရန်နှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေကြကြောင်း အစိုးရအရာရှိ Bilal Faizi က ပြောကြားခဲ့သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ ၂၀ နှင့် သေဆုံးသူအများစုကို မြို့တော်ရှိ Lady Reading ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူ Mohammad Asim က ပြောကြားသည်။
ဖြစ်စဉ်ဖြစ်ပွားချိန်တွင် စာသင်ခန်း ၃ ခန်းအတွင်းရှိ ကျောင်းသား ၁၁၀ အနက် ၄၇ ဦးကိုသာ ကယ်ဆယ်နိုင်သေးသည့်အတွက် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ပက်ရှာဝါ ရဲတပ်ဖွဲ့အကြီးအကဲ Mian Saeed က ပြောကြားခဲ့သည်။
“ဒါဟာ ကြံ့ခိုင်မှုမရှိတဲ့ အဆောက်အအုံပုံစံပါ” ဟု Saeed က ဖြည့်စွက်ပြောကြားခဲ့သလို “မခိုင်ခံ့တဲ့ အဆောက်အအုံပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် အမိုးက ဝန်ပိုပိပြီး ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။”ဟု ဆက်လက် ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းအာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးပေ။

အဆိုပါ အမိုးပြိုကျမှုသည် မြို့တော် အစ္စလာမာဘတ်ရှိ ဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး မွေးကင်းစကလေး အနည်းဆုံး ၁၄ ဦး သေဆုံးကာ လူထုအမျက်ဒေါသ ဖြစ်ပေါ်စေခဲ့၍ အဖမ်းအဆီးများ ပြုလုပ်ခဲ့ရအပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုသည် တတိယထပ်ရှိ ကလေးထိန်းဌာနတွင်သာ ဖြစ်ပွားခဲ့သော်လည်း ကလေး ၁၅ ဦးကို စောင့်ရှောက်ထားသည့်အနက် ကလေးတစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့သည်အထိ မီးကူးစက်မှု မြန်ဆန်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ကလေးထိန်းဌာနတွင် မီးဘေးသတိပေးစနစ် သို့မဟုတ် ရေဖျန်းစနစ်များ မရှိသည့်အပြင် မီးဘေးနှင့် အခြားအရေးပေါ်အခြေအနေများကို တုံ့ပြန်ရန် ဆေးရုံတွင် အသေးစိတ် လုပ်ထုံးလုပ်နည်းများနှင့် လေ့ကျင့်သင်ကြားမှုများ အားနည်းနေသည်ကို တွေ့ရှိခဲ့ရသည်။
လွန်ခဲ့သည့် ဇူလိုင်လကလည်း ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့တွင် ဆောက်လုပ်ဆဲ ကျူရှင်စင်တာတစ်ခု၏ အမိုးပြိုကျမှုကြောင့် စာသင်ကျောင်းသား အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအရာရှိများက ထိုစဉ်က ပြောကြားခဲ့သည်။
Ref: CNN & NBC
