သက်တံ့
၁၅. ၁၀. ၂၀၂၆
ဆော်ဒီအာရေဗျနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသည် အစ္စလာမ်ဘာသာအပေါ် ပမာမခန့် ပြုလုပ်မှု (Blasphemy) ဖြင့် သီရိလင်္ကာနိုင်ငံသားတစ်ဦးအပေါ် ချမှတ်ထားသည့် သေဒဏ်ကို ပယ်ဖျက်ပေးလိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသား Anojan Sivarasa သည် Facebook တွင် တင်ခဲ့သော ပို့စ်တစ်ခုတွင် အပြန်အလှန်အငြင်းပွားစဉ် မှတ်ချက်တစ်ခုကြောင့် အစ္စလာမ်ဘာသာအပေါ် စော်ကားမှုဖြင့် ဖမ်းဆီးခံရပြီးနောက် လွန်ခဲ့သည့်လက ဆော်ဒီတရားရုံး၏ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။
အဆိုပါ သီရိလင်္ကာ လုပ်သားသည် ပြဿနာဖြစ်စေခဲ့သော မှတ်ချက်ကို ပြန်လည်ဖျက်သိမ်းကာ တောင်းပန်ခဲ့သော်လည်း တိုင်ကြားချက်များကြောင့် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းအား စတင်စွပ်စွဲချိန်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သဖြင့် အယူခံဝင်ခဲ့ရာ အယူခံတရားရုံးက ပြစ်ဒဏ်ကို သေဒဏ်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ဆော်ဒီအာရေဗျ တရားလွှတ်တော်ချုပ်၏ ဤဆုံးဖြတ်ချက်အပေါ် သီရိလင်္ကာ အစိုးရက ကြိုဆိုလိုက်သည်။
“ဒီလို လူသားဆန်ပြီး တရားမျှတတဲ့ ရလဒ်အတွက် ဆော်ဒီအာရေးဗျအစိုးရကို ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်” ဟု သီရိလင်္ကာ သမ္မတ Anura Kumara Dissanayake က X (Twitter) ပလက်ဖောင်းတွင် ရေးသားခဲ့သည်။
ထို့ပြင် သေဒဏ်မှ လွတ်မြောက်ရေး ကြိုးပမ်းပေးခဲ့ကြသည့် ဆော်ဒီနှင့် သီရိလင်္ကာ သံတမန်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေရေးရာ အဖွဲ့များကိုလည်း သမ္မတက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယခင်က သီရိလင်္ကာနိုင်ငံသူ အိမ်အကူ အမျိုးသမီးငယ် Rizana Nafeek သည် အလုပ်ရှင်၏ ရင်သွေးငယ်ကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရကာ ၂၀၁၃ ခုနှစ်တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်း ခံခဲ့ရဖူးသည်။ သူမသည် အသက် ၁၇ နှစ်အရွယ် (၂၀၀၅ ခုနှစ်) ကတည်းက ဆော်ဒီသို့ ရောက်ရှိလုပ်ကိုင်ခဲ့သူ ဖြစ်သည်။
အဆိုပါ အိမ်အကူ အမျိုးသမီးငယ်အား ကွပ်မျက်မှုသည် တရားစီရင်ပုံဆိုင်ရာ စိုးရိမ်မှုများ၊ သီရိလင်္ကာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ သက်ညှာပေးရန် အကြိမ်ကြိမ် မေတ္တာရပ်ခံမှုများ ရှိခဲ့သော်လည်း ဆော်ဒီအစိုးရက ကွပ်မျက်မှုကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီအာရေဗျ တရားရုံးချုပ်က Anojan Sivarasa အပေါ် သေဒဏ်ကို ပယ်ဖျက်ပေးခဲ့သော်လည်း ၎င်းအပေါ် နောက်ထပ် မည်သည့်ပြစ်ဒဏ် ဆက်လက်ချမှတ်မည်ကိုမူ တရားဝင် အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Ref: NDTV
