၁၅.၁၀.၂၀၂၆
Written by Linn Eain
မြန်မာ-ဆော်ဒီ နှစ်နိုင်ငံအလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင် သဘောတူညီချက် ချုပ်ဆိုနိုင်ရေးကို ကြိုဆိုကြောင်း အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowishan နှင့် သံရုံးတာဝန်ရှိသူများကို အောက်တိုဘာ ၁၄ ရက်က ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လုပ်သားစေလွှတ်ခြင်းကဏ္ဍများအပေါ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံအကြားအလုပ်သမားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု၌ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ကို ယုံကြည်ကြောင်း၊ နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များတွင် သဘောတူညီချက်ချုပ်ဆိုနိုင်ရေးကို ကြိုဆိုကြောင်း၊ အာဆီယံနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်မှုများရှိသကဲ့သို့ ဆော်ဒီအာရေဗျနိုင်ငံသို့လည်း စေလွှတ်မှုများရှိနေသည့်အပေါ် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုပ်သားစေလွှတ်ရာတွင် မိမိတို့နိုင်ငံသားများအတွက် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများ၊ လုပ်ခ လစာရရှိမှု၊ လူနေမှု အဆင့်အတန်းနှင့် နေထိုင်မှုကုန်ကျစရိတ်များကို ကြည့်ရှုပြီး သဘောတူညီချက်ချုပ်ဆိုနိုင်ရေး စဉ်းစားဆောင်ရွက်ကြောင်း၊ မိမိတို့နိုင်ငံသားများ၏ အလုပ်သမားအခွင့်အရေး ကောင်းမွန်စေရေးကို အဓိကထား ပြည့်ဝစွာရရှိရေး၊ လုပ်ခလစာဆောင်ရွက်လျက်ရှိသောကြောင့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံမှ လုပ်သားများ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဘေးကင်းလုံခြုံပြီး ရပိုင်ခွင့်များ အပြည့်အဝရရှိစေမည့် စနစ်တကျစေလွှတ်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့ အခြေစိုက်ဆော်ဒီအာရေဗျနိုင်ငံ သံရုံးမှ သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
