၁၅.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံကို ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်လာမည့်အကြောင်း ယူကရိန်းအား ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည့်အပြင် စစ်မြေပြင်တွင် အသုံးပြုနေသော Starlink စနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် ယူကရိန်း၏ စစ်ရေးတုံ့ပြန်မှုကို အဟန့်အတားဖြစ်စေခဲ့သည်ဟု အမေရိကန်အပေါ် ဗိုလိုဒီမာ ဇယ်လန်စကီးက အောက်တိုဘာ ၁၄ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက အမေရိကန် နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မတ်စ်ခ်အား Starlink စနစ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ယူကရိန်းဘက်က ပြောဆိုချက်အရ Starlink စနစ်၏ လုပ်ဆောင်ချက်များ နှေးကွေးသွားခဲ့သည်ဟု ဆိုသည်။
“ဒါဟာ အမှားတစ်ခုခု ဖြစ်မယ်။ ဒါမှမဟုတ် ကြီးမားတဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဇယ်လန်စကီးက ဗြိတိန်သတင်းထောက် ပလားစ် မော်ဂန်ကို ပြောကြားခဲ့သလို “ဘာကြောင့်လဲတော့ မသိပေမယ့်၊ ကျွန်တော်တို့ကတော့ ဒီစနစ်ကို ပြန်လည်အသက်သွင်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဟောင်း မီခါလီယို ဖီဒိုရော့ဗ်က နောက်ပိုင်းတွင် ပြောကြားရာ၌ Starlink စနစ်သည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အထိ အမြန်နှုန်းဖြင့် ပြန်လည်လည်ပတ်နိုင်ပြီဖြစ်ပြီး တိုက်ခိုက်ရေး ဒရုန်းများနှင့် ကြားဖြတ်တိုက်ခိုက်ရေး ဒရုန်းများလည်း ပြန်လည်ပျံသန်းနိုင်တော့မည်ဟု ဆိုသည်။
အီလွန်မတ်စ်ခ်ကမူ မည်သည့် အနှောင့်အယှက်မျိုး ဖြစ်ပေါ်ခဲ့သည်ဖြစ်စေ ၎င်း၏ SpaceX ကုမ္ပဏီနှင့် မသက်ဆိုင်ဘဲ အမေရိကန်အစိုးရ၏ တာဝန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
၎င်းက ယူကရိန်းအနေဖြင့် စစ်မြေပြင် ဆက်သွယ်ရေးအတွက် အားထားနေရသည့် Starshield စနစ်နှင့် ယူကရိန်းက အသုံးပြုနေသော်လည်း တိုက်ခိုက်ရေး စစ်ဆင်ရေးများအတွက် အသုံးပြုခွင့် မရှိသည့် အရပ်ဘက်သုံး Starlink ဂြိုဟ်တုစနစ်တို့အကြား ကွာခြားချက်ကို ရှင်းပြခဲ့သည်။
Starshield စနစ်များကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အသုံးပြုမှု သို့မဟုတ် အမြန်နှုန်းအပေါ် ကန့်သတ်ချက်များ ရှိလာပါက ၎င်းတို့ကို အမေရိကန်စစ်တပ်နှင့် နောက်ဆုံးအဆင့်တွင် အမေရိကန်သမ္မတက ဆုံးဖြတ်ခြင်း ဖြစ်သည် ဟု မတ်စ်ခ်က ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ခံထားရသည့် ရုရှားနှင့် အမေရိကန်တို့အကြား ဒီဇယ်ဆီ ပို့ဆောင်ရေး သဘောတူညီချက်တစ်ခုကို ထရမ့်ပ် ကြေညာခဲ့ပြီးနောက် “သစ္စာဖောက်ခံရခြင်း” ဟု ခံစားရသလားဟု မေးမြန်းရာတွင် ဇယ်လန်းစကီးက “ဟုတ်ကဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၎င်းက “သမ္မတ ထရမ့်ပ်အနေနဲ့ ကျွန်တော်တို့ဘက်က မဟုတ်ဘဲ တခြားတစ်ဖက်ကို ရွေးချယ်လိုက်တဲ့အခါ တော်တော်လေး နာကျင်ရပါတယ်။ သူ့ရဲ့ အကြံပေးတွေ မှားနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို မှန်ကန်တဲ့ဘက် မဟုတ်တဲ့ နေရာဆီ ဘယ်သူက တွန်းပို့နေလဲဆိုတာတော့ မသိပါဘူး။ ဒါဟာ သမိုင်းရဲ့ မှန်ကန်တဲ့ ဘက်ခြမ်း မဟုတ်ပါဘူး။” ဟု ပြောခဲ့သည်။
ယူကရိန်းစစ်တပ်အနေဖြင့် ရုရှား၏ ဒုံးကျည်ပစ်ခတ်မှုများကို ကြားဖြတ်တားဆီးရာတွင် အသုံးပြုသည့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေးပို့ခြင်းကို ရပ်ဆိုင်းမည်ဟု အမေရိကန်ဘက်က ခြိမ်းခြောက်ခဲ့ကြောင်း ကိယက်ဗ်မြို့ရှိ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ သို့သော် ထရမ့်ပ်ကမူ ထိုသို့ ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း အောက်တိုဘာ ၁၃ ရက် တွင် ငြင်းဆိုခဲ့သည်။
“အမေရိကန်က တစ်စုံတစ်ရာသော အကြောင်းပြချက်နဲ့ ရုရှားကို ကူညီပေးနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု အဆိုပါ အဆင့်မြင့် အရာရှိက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်က ရုရှားသိမ်းပိုက်ထားသော နယ်မြေများကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ ရုရှားဒုံးကျည်/ဒရုန်းများကို ကြားဖြတ်တိုက်ခိုက်သည့် ဒရုန်းများကို မောင်းနှင်ရာတွင်လည်းကောင်း အသုံးပြုနေသည့် အင်တာနက်စနစ် (Starlink) အချို့တွင် အင်တာနက်အမြန်နှုန်း နှေးကွေးသွားရခြင်းမှာ အမေရိကန်၏ လက်ချက်ဖြစ်နိုင်ကြောင်း ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက အရိပ်အမြွက် ပြောဆိုခဲ့ကြသည်။
ဇယ်လန်းစကီး၏ အကြံပေးပုဂ္ဂိုလ် ဆာဂျီ ဘက်စ်ခရက်စ်နော့ဗ်ကလည်း ယခုကဲ့သို့ ရုရှား၏ တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းနှင့် Starlink အသုံးပြုမှုကို ကန့်သတ်ခံလိုက်ရခြင်းတို့သည် တိုက်ဆိုင်မှု သက်သက်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP
