
၁၆. ၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်မြောက်ကျေးရွာ၊ ကန်ဘောင်လမ်းရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖယောင်းတိုင်အရည်ကျိုရာမှ မီးတောက်များကာ ဝါးထရံသို့ မီးကူးစက်၍ လူနေအိမ် လေးလုံးနှင့် ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြိမ်းသတ်သူများထံမှ သိရသည်။
“ဝါဆိုဖယောင်းတိုင်လုပ်ဖို့ ဖယောင်းကို အရည်ကြိုရင်းက မီးတောက်ကြီးပြီး အနားမှာရှိတဲ့ ဝါးထရံကို မီးကူးပြီး လောင်တာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၅၀ နီးပါးလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ထရံကာ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံး၊ သွပ်မိုး၊သွပ်ကာ၊ ပျဥ်ခင်း တစ်ထပ် လူနေအိမ် နှစ်လုံးနှင့် သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းတစ်ထပ် လူနေအိမ် တစ်လုံးမီးလောင်ခဲ့သည့်အပြင် TOYOTA CALDINA အမျိုးအစား အဖြူရောင် မော်တော်ယာဥ် တစ်စီးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လူနေအိမ်များ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် နှစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နေအိမ်လေးလုံးနှင့် ကားတစ်စီးမီးလောင်မှုကြောင့် အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ကျိုက်ထော်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
