နေမိုး
၁၅. ၁၀. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း KIA, KNU နှင့် PDF လက်နက်ကိုင်များ ကျူးလွန်မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
KIA နှင့် PDF တို့ ပူးပေါင်းကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မောင်ထက်ရှားကျော်(၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်မျိုးမြင့်ဇော်(၇)နှစ်၊ ဦးအောင်ကျော်ထွန်း(၃၃)နှစ်၊ ဦးမင်းအောင်(၆၀)နှစ်၊ မနုနုဝင်း(၂၈)နှစ်နှင့် မတင်တင်ထွေး(၁၈)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၉ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၈ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့နယ်၊ အလူးအနောက်ရွာကြီးကျေးရွာအတွင်းသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးမောင်မြ(၆၆)နှစ်၊ ဒေါ်မိလှ(၅၅)နှစ်၊ မချစ်စုဝေ(၂၂)နှစ်၊ ဦးလင်းထိန်(၅၀)နှစ်၊ မောင်ဖုန်း(၄)နှစ်၊ ဦးညိုစိမ့်(၆၂)နှစ်၊ ဒေါ်မိချို(၆၀)နှစ်၊ ဒေါ်နော်ဖော(၃၆)နှစ်နှင့် မဆောင်းသဇင်ချစ်(၁၃)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
