၁၅.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့လမ်းဖြတ်ကူးသဖြင့် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်တာ သုံးရက်အတွင်း ၅၀ ဦးကို ယာဉ်အန္တရာယ်ကင်းရှင်းနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၉၆ အရ အရေးယူထားကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်ဖြင့်သွားလာသူများသည် လမ်းဖြတ်ကူးလိုလျှင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာစသည်တို့မှသာ ဖြတ်ကူးရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက အောက်တိုဘာ ၁၂ ရက်ကစပြီး အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ ပညာပေးကာလတွေပြီးဆုံးသွားတဲ့အခါမှာ အောက်တိုဘာ ၁၂ ရက်စပြီး စည်းကမ်းမလိုက်နာတဲ့သူတွေ အရေးယူဆောင်ရွက်တာတွေ စတင်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး အောက်တိုဘာ ၁၄ ရက်အတွင်း သုံးရက်တာအတွင်းမှာ ပထမနှစ်ရက်က ၃၄ ယောက်၊ အောက်တိုဘာ ၁၄ ရက်မှာ ၁၆ ယောက်စုစုပေါင်း ၅၀ ဦးကို အရေးယူထားပါတယ်။ ပြစ်ဒဏ်ကတော့ သုံးသောင်းထက် မပိုတဲ့ ဒဏ်ငွေကို တရားရုံးမှာ တရားသူကြီးက သူ့ရဲ့ဆင်ခြေတုံတရားနဲ့ ဒဏ်ငွေရိုက်ရမှာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းအရာရှိတစ်ဦးက အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့သည်။
အဆိုပါ စည်းကမ်းမဲ့လမ်းဖြတ်ကူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ပြီးလျှင့် အမှုကို တရားရုံးသို့ တင်ပို့ကာ ဘိုကလေစျေးအနီး ကုန်သည်လမ်းရှိ ဗိုလ်တထောင်တရားရုံးတွင် ဒဏ်ငွေသွားရောက် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
“ဒါကို ကျွန်တော်တို့အမြဲတမ်းလုပ်သွားမှာပါ။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တော့ လုပ်သွားမှာမဟုတ်ပါဘူး။ ရုံးပိတ်လို့ဖြစ်ပါတယ်။ တရားရုံးတင်ရတာဆိုတော့ ရုံးချိန်အတွင်း လုပ်ဆောင်သွားမှာပါ” ဟု အဆိုပါ ယာဉ်ထိန်းအရာရှိက ဆက်လက်ပြောကြားခဲ့သည်။
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို အရေးယူရာတွင် ဆူးလေလူကူးခုံးကျော်တံတားအောက်မှ လမ်းဖြတ်ကူးသူ အရေအတွက်အများဆုံးဖြစ်ပြီး လူကူးခုံးကျော်တံတားကို အသုံးမပြုဘဲ လမ်းဖြတ်ကူးသည့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦးကို အရေးယူထားကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ထားသည့်နေရာများမှ ကားလမ်းဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းမဲ့ဖြတ်ကူးပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
