၁၅.၁၀.၂၀၂၆
Written by Linn Eain
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နေရပ်ဒေသအသီးသို့ ပို့ဆောင်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးမှ ၁၄၂ ဦး ရေကြောင်းဖြင့် မြိတ်မြို့သို့ အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်က မြန်မာနိုင်ငံသို့ ၁၄၇၆ ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် ၁၄၂ ဦးကို ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ ၁၄၂ ဦးကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ စစ်ရေယာဉ် ပြည်တော်အေး(၄) ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာကြသူများကို ဆိပ်ငယ်ဗောတံတားတွင် နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်လည်ရောက်ရှိလာသူ ၁၄၂ ဦးကို ခရိုင်အားကစားခန်းမတွင် ခေတ္တထားရှိ၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ UID၊ e-ID စစ်ဆေးခြင်းနှင့် PSMS စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
