MT News
၁၅. ၁၀. ၂၀၂၆
ဖလမ်းမြို့နှင့် အနီးအနားကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗား ရေအားလျှပ်စစ်စက်ရုံသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံရှိစက်ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားသည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုအပ်လျက်ရှိကြောင်း ချင်းပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ သိရသည်။
ဖလမ်းမြို့ကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် NUG ကို ဩဇာခံသော Chin Brothershood အဖွဲ့က ၂၀၂၅ ခုနှစ် ဧပြီတွင် ယာယီတိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးလိုက်မှုအတွင်း ငဆစ်ဗား ရေအားလျှပ်စစ်စက်ရုံအပါအဝင် နိုင်ငံပိုင်အဆောက်အအုံများစွာ ပျက်စီးခဲ့ရသလို အဆိုပါ အကြမ်းဖက်လက်နက်ကိုင်များကို တပ်မတော်က ယခုနှစ် ဧပြီ ၂၅ ရက်တွင် ရှင်းလင်းတိုက်ထုတ်လိုက်ပြီးနောက် ချင်းလက်ကိုင်များ ဖျက်ဆီးသွားသည့် နိုင်ငံနှင့် ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံပိုင်အဆောက်အအုံများ ပျက်စီးမှုကို နိုင်ငံ့ဘဏ္ဍာမှ အကုန်အကျခံ ပြန်လည် ပြုပြင်တည်ဆောက်ပေးရန် လုပ်ဆောင်နေရခြင်းဖြစ်သည်။
အဆိုပါစက်ရုံ အဆောက်အအုံနှင့် စက်ရုံစက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် တီးတိန်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ တီးတိန်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စက်မှုဘာသာရပ် လက်တွေ့ခန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းသာသနာရေးဦးစီးဌာနပိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပြန်လည်ပြုပြင်နိုင်ရေးအခြေအနေကိုလည်းကောင်း၊ တီးတိန်မြို့နယ် သမဝါယမ ဦးစီးဌာနရုံး အဆောက်အအုံပြင်ဆင်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တွန်းဇံမြို့ စိန်ဖရန့်ဆစ် ဘုရားကျောင်းခန်းမ၌ တွန်းဇံမြို့ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက နယ်မြေတည်ငြိမ်အေးချမ်းမှ အစိုးရယန္တရားများလည်ပတ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများဖြင့် ပြန်လည်ထူထောင်ရေးကိစ္စများကို လာရောက်ဆောင်ရွက်ကြခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေရရှိရေး၊ မြို့သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး တွန်းဇံမြို့ ရပ်မိရပ်ဖဥက္ကဋ္ဌ၏ ပညာရေး၊ ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
တွေ့ဆုံပွဲအပြီးတွင် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သူ့ဆေးရုံ၊ ခေါဝုန်/လေးဆန် အခြေခံပညာမူလတန်းလွန်ကျောင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
