သက်တံ့
၁၅. ၁၀. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင် အကွီနို အပြည်ပြည်ဆိုင်ရာ လေဆိပ် (NAIA) တွင် မသင်္ကာဖွယ် ခရီးစဉ် စီစဉ်မှုများဖြင့် မြန်မာနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်မည်ဟု သံသယရှိရသော ဖိလစ်ပိုင် ခရီးသည် ၄ ဦးကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (BI) က တားဆီးလိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့က အဆိုပါ ခရီးသည်များ၏ ခရီးသွား ကြေညာချက်များနှင့် အထောက်အထား စာရွက်စာတမ်းများတွင် မမှန်မကန် လွဲမှားနေသည်များကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး အရာရှိများက တားဆီးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
“Lin” (၂၇ နှစ်)၊ “Tina” (၂၂ နှစ်)၊ “Mela” (၂၅ နှစ်) နှင့် “Shelly” (၄၁ နှစ်) ဟု အမည်ဝှက်ဖြင့် ဖော်ပြထားသော ထို အမျိုးသမီးခရီးသည် ၄ ဦးသည် အစပိုင်းတွင် ကုမ္ပဏီက အကျိုးခံစားခွင့်အဖြစ် စပွန်ဆာပေးသည့် ၅ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်အတွက် သွားရောက်ကြမည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်ဟု ထွက်ဆိုခဲ့ကြသည်။ သို့သော် ဒုတိယအကြိမ် အသေးစိတ် စစ်ဆေးမေးမြန်းချိန်တွင် ၎င်းတို့ စတင်ပြောဆိုခဲ့သည့် ကုမ္ပဏီတွင် အမှန်တကယ် အလုပ်လုပ်နေသူများ မဟုတ်ကြဘဲ ၎င်းတို့၏ အမှန်တကယ် သွားရောက်မည့် ဦးတည်ရာမှာ မြန်မာနိုင်ငံဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။
၎င်းတို့သည် လစဉ်လစာ အမေရိကန်ဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ ထိ ရရှိမည့် ဖောက်သည်ဝန်ဆောင်မှု အလုပ်အကိုင်များကို ကမ်းလှမ်းခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် Facebook၊ Telegram နှင့် အခြား အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် အလုပ်ခေါ်ယူသူများနှင့် ဆက်သွယ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အလုပ်ခေါ်ယူသူများက ခရီးသွားလာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ စာရွက်စာတမ်းများကို စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ခရီးသည်များ၏ အလုပ်အကိုင် စာရွက်စာတမ်းများနှင့် အပြန်လေယာဉ်လက်မှတ် စီစဉ်ထားရှိမှုများတွင် လွဲမှားမှုများကို ထပ်မံတွေ့ရှိခဲ့ကြောင်း BI က ဆိုသည်။ စစ်ဆေးအကဲဖြတ်ပြီးနောက် အဆိုပါ ခရီးသည် ၄ ဦးအား ဆက်လက်စစ်ဆေးရန်၊ အကူအညီပေးရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (IACAT) သို့ လွှဲပြောင်းပေးခဲ့သည်။
အစိုးရ တရားဝင် လမ်းကြောင်းများမှတစ်ဆင့်သာ ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များကို အတည်ပြုကြရန်နှင့် လူမှုကွန်ရက် သို့မဟုတ် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် ဆက်သွယ်လာသော အလုပ်ခေါ်ယူသူများကို သတိထားကြရန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်သူများအား တိုက်တွန်းထားသည်။ ထို့အပြင် ထွက်ခွာမည့် ခရီးသည်များအနေဖြင့် လျှောက်ထားချိန်တွင် မှန်ကန်သော သတင်းအချက်အလက်များကိုသာ ပေးပို့ကြရန်နှင့် တရားဝင် အထောက်အထား စာရွက်စာတမ်းများကိုသာ တင်ပြကြရန် သတိပေးထားသည်။
လူဝင်မှုကြီးကြပ်ရေး ကော်မရှင်နာ Joel Anthony Viado က အဆိုပါ ခရီးသည်များ၏ ခရီးစဉ်ကို အချိန်မီ တားဆီးနိုင်ခဲ့သည့် အရာရှိများကို ချီးကျူးပြောဆိုခဲ့သည်။
“ကျွန်ုပ်တို့၏ လေဆိပ်များသည် ဖိလစ်ပိုင်နိုင်ငံသားများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ရာ တံခါးပေါက်များ မဖြစ်လာစေရပါ။” ဟု Viado ကဆိုခဲ့သလို မသင်္ကာဖွယ် ခရီးသွား စီစဉ်မှုများကို ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် အလုပ်အကိုင် စည်းရုံးသူများနှင့် လူကုန်ကူးသူများ၏ လက်တွင်းသို့ အပြစ်မဲ့ ပြည်သူများ မကျရောက်စေရန် ဆက်လက် တားဆီးသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဤတားဆီးမှုသည် သမ္မတ Ferdinand Marcos Jr. ၏ တရားမဝင် အလုပ်အကိုင် စည်းရုံးမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားများ ခေါင်းပုံဖြတ်ခံရမှုမှ ကာကွယ်ပေးရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့် အစိုးရ၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
လတ်တလော တားဆီးမိသည့် ဖြစ်စဉ်များသည် မြန်မာနိုင်ငံရှိ မမှန်မကန် လိမ်လည်ထားသော ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များ၏ သားကောင်ဖြစ်မှန်းမသိ ဖြစ်လာကြသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ ထပ်မံတွေ့ရှိရသော အခြေအနေကို မီးမောင်းထိုးပြနေသည်။
၂၀၂၆ ခုနှစ် မေလအတွင်းကလည်း နစ်နာသူ ၂၅ ဦး၏ တိုင်ကြားချက်များအရ အဓမ္မ စေခိုင်းခံရသည့် အွန်လိုင်း ငွေလိမ်လည်မှု (Scam Center) လုပ်ငန်းများမှ လွတ်မြောက်လာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ အစီရင်ခံစာများအပေါ် အခြေခံ၍ အမျိုးသား စုံစမ်းစစ်ဆေးရေးဗျူရို (NBI) က အလုပ်ခေါ်ယူသူ တစ်ဦးကို ဖမ်းဆီးခဲ့ဖူးသည်။ ၎င်းတို့သည် မြဝတီမြို့တွင် တရားဝင်အလုပ်အကိုင် ရရှိမည်ဟု ကတိပြုခြင်းခံခဲ့ရသော်လည်း အမှန်တကယ်တွင် အွန်လိုင်း ကျားဖြန့်/ငွေလိမ် လုပ်ငန်းများတွင် အဓမ္မ စေခိုင်းခြင်းခံခဲ့ရခြင်း ဖြစ်သည်။
အပြစ်မဲ့ ပြည်သူများသည် Facebook၊ Telegram နှင့် WhatsApp ကဲ့သို့သော အွန်လိုင်း ပလက်ဖောင်းများမှတစ်ဆင့် ဖောက်သည်ဝန်ဆောင်မှု (Customer Service) သို့မဟုတ် ဒေတာ ရိုက်သွင်းသည့်အလုပ် (Data Encoding) စသည့် ခေါင်းစဉ်များဖြင့် စည်းရုံးခံရလေ့ရှိပြီး ပြည်ပသို့ ရောက်ရှိသွားချိန်တွင် မတရား နှိပ်စက်ခံရခြင်းနှင့် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံရခြင်းများကို ကြုံတွေ့ကြရသည်။
အာဏာပိုင်များအနေဖြင့် အလုပ်အကိုင် ခေါ်ယူမှုများကို သေချာစွာ စိစစ်ကြရန်နှင့် အလုပ်၏ အမှန်တကယ် သဘောသဘာဝ သို့မဟုတ် လုပ်ကိုင်ရမည့် တည်နေရာကို ဖုံးကွယ်ထားသည့် အလုပ်အကိုင် စည်းရုံးသူများကို အထူးသတိထားကြရန် သတိပေး နှိုးဆော်ထားဆဲ ဖြစ်သည်။
Ref: The Manila Times & ABS -CBN
