◾ ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့သဘောထားကို အလေးထားဖို့လိုကြောင်းလည်း ပြောကြား
◾ ဒီမိုကရေစီကို လိုချင်ပါက စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနဲ့သာ သွားရမှာဖြစ်လို့ စဉ်းစားဆင်ခြင်ပြီးလုပ်ကြစေလို
သတိုး
၁၆. ၁၀. ၂၀၂၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူအားလုံးအနေနဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းမယ့်အစား နိုင်ငံနဲ့ပြည်သူ့အကျိုးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
ဒီပြောကြားချက်ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားမှာ Video Message နဲ့ ပြောကြားတဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး ဒီမိန့်ခွန်းမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ NCA လက်မှတ် ရေးထိုးမထားတဲ့ အဖွဲ့တွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တွေ့ဆုံ ဆွေးနွေးမှု မလုပ်ဆောင်ခဲ့တဲ့ KNU, CNF နဲ့ ABSDF တို့ကို တွေ့ဆုံဆွေးနွေးဖို့လည်း ဖိတ်ခေါ်ခဲ့သလို PDF တွေ အလင်းဝင်ဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။
“၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ၊ DKBA ၊ KNU/KNLA-PC ၊ CNF ၊ PNLO ၊ ABSDF ၊ ALP နဲ့ RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က NCA ကို စတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှ သံတမန်တွေ၊ ပြည်တွင်းအသိသက်သေတွေရှေ့မှောက်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ LDU နဲ့ NMSP တို့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့အထိရှိလာခဲ့ပါတယ်။ NCA ရဲ့ အနှစ်သာရကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီးတော့မှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်ခွင့်တို့ကို အာမခံတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးအနေနဲ့ ရှိပြီးသားကတိကဝတ်တွေကို အလေးထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ NCA ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တစ်ခုသာမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့ ချမှတ်ထားတဲ့ လုပ်ငန်းမူဘောင်လည်းဖြစ်ပါတယ်။ ဒါကြောင့်ရှိပြီးသား NCA သဘောတူညီချက်တွေကနေ သွေဖည်ခြင်းမရှိဘဲ NCA လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာတွေဖြစ်ပါစေ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်မယ်ဆိုရင် ပဋိပက္ခတွေကိုလျှော့ချနိုင်မှာလည်းဖြစ်ပါတယ်။ သဘောထားကွဲလွဲမှု၊ သံသယနဲ့မယုံကြည်မှုတွေရှိနေရင်တောင် ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းမှုကို လက်ခံကျင့်သုံးကြမယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဗဟိုကော်မတီရဲ့ကြေညာချက်အမှတ် ၁/ ၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်။”လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။





ဒါ့အပြင် ဦးမင်းအောင်လှိုင်က ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနဲ့သာ သွားရမှာဖြစ်လို့ စဉ်းစားဆင်ခြင်ပြီးလုပ်ကြစေလိုပါတယ်လို့ ပြောကြားခဲ့သလို နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ ရှေ့ကဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် နောက်ကအဖျက်လုပ်ငန်းတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် “သမင်မွေးရင်း၊ ကျားစားရင်း” ဆိုသလို ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာမှာမဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေကိုသာ ဦးစားပေးတောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။
“ကျွန်တော်တို့အစိုးရအနေနဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အများဆန္ဒကို လေးစားရသလို လူနည်းစုရဲ့ဆန္ဒနဲ့ အခွင့်အရေးတွေကိုလည်း အလေးထားဖို့လိုအပ်ပါတယ်။ မိမိနဲ့သဘောထားမတူညီသူတွေကို ရန်သူအဖြစ် သတ်မှတ်တာ၊ ခွဲခြားဆက်ဆံတာနဲ့ လူ့အသိုင်းအဝိုင်းကဖယ်ကြဉ်တာတို့ဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီပါဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကိုရှောင်ရှားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ လူမျိုးစုတွေစုစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခွဲဝေကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒီလိုအာဏာခွဲဝေမှုကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင်တရားစီရင်ခွင့်တို့ကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့သဘောထားကို အလေးထားဖို့လိုပါတယ်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်တွေကို ထိရောက်စွာအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနဲ့ အဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။”လို့လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။




လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေးမှုတွေကို အပိုင်း ၄ ပိုင်းခွဲပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အလွတ်သဘောနဲ့ တရားဝင်ဆွေးနွေးမှုတွေကို လိုအပ်သလို ပြုလုပ်သွားမှာဖြစ်သလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲတွေကိုလည်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် NCA အရ တရားဝင်အစည်းအဝေးများနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအထိ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာတွေ ချမှတ်ရေး၊ ငြိမ်းချမ်းရေးနဲ့အတူ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးနဲ့ လူ့အဖွဲ့အစည်းအတွင်းကွဲပြားမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို သုတေသနပြုပြီး ကာကွယ်တားဆီးရေးတို့ပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်းကော်မတီက လိုအပ်တဲ့အချိန်ဇယားနဲ့ မဟာဗျူဟာတွေ ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဟန်ချက်ညီညီ ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားပါတယ်။
“ကျွန်တော်တို့ နိုင်ငံတော်ရဲ့အနာဂတ်ဟာ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်ပဲဖြစ်ပါတယ်။ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်ဖို့တို့ကို အမွေအနှစ်အဖြစ်ပေးအပ်နိုင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူအားလုံးအနေနဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းမယ့်အစား နိုင်ငံနဲ့ပြည်သူ့အကျိုးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားစဉ်းစားပြီး ဖြစ်နိုင်တာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြမှသာ ရှေ့ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါတယ်။”လို့လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆက်လက် ပြောကြားပါတယ်။
