၁၀.၉.၂၀၂၆
Written by Thiri
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်ဘက် အထွက်လမ်းမပေါ် MAX စက်သုံးဆီဆိုင်အနီးမှာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက မော်တော်ဆိုင်ကယ်နဲ့ လိုင်းကားတို့ တိုက်မိတဲ့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အသက် ၇၂ နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်မှာ ဘင်လှိုင်ဘက်မှ ဆီထည့်ရန် လာရောက်တဲ့ မော်တော်ဆိုင်ကယ်က MAX စက်သုံးဆီဆိုင်အတွင်းကို ကွေ့ဝင်စဉ် ရန်ကုန်ဘက်မှ မောင်းနှင်လာတဲ့ Grand H လိုင်းကားနဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မိတဲ့ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်း အသက် (၇၂) နှစ်အရွယ် အမျိုးသားမှာ မျက်ရိုးကွဲ၊ နောက်စေ့ပွင့်၊ ခါးစောင်း ပွန်းပဲ့နှင့် နံရိုးကျိုး ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကာ ဒဏ်ရာရရှိသူအား သတင်းအရ လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီခဲ့ပြီး မီးအိမ်ရှင်အသင်းယာဉ်နဲ့ သထုံဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံကို တင်ပို့ကုသစဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်ယာဉ်မောင်းမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် ရင်ခွဲရုံဆီ အကြင်နာတွဲလက်အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ပြီး ညနေပိုင်းမှာ ဆေးရုံကြီးမှတစ်ဆင့် မိသားစုနေအိမ်ဆီ ထပ်မံ ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
