သတိုး
၁၀. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်မှ (၁၂) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) လာရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ (၁၀) ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo HUN Sen နှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet နှင့်လည်း နှစ်နိုင်ငံ သီးသန့်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲများတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာဆိုင်ရာ အဓိက အကြောင်းအရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမည် ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးကျောက်တိုင်နှင့် ကမ္ဘောဒီယားနိုင်ငံ၏ ဖခင်ဘုရင်ဖြစ်သည့် Preah Bat Samdech Preah NORODOM SIHANOUK “PREAH BOROM RATANAK KAUDH”၏ ရုပ်တုတို့တွင် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုပေးမည်ဖြစ်သည်။
ယခု သွားရောက်မည့် တရားဝင် ခရီးစဉ်သည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်ကို ပိုမိုခိုင်မာစေရန် ဘုံသဘောတူညီချက်များကို ထပ်လောင်းအတည်ပြုသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
