၁၀.၉.၂၀၂၆
Written By Thandar
အနုပညာကဝေလို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မင်းသား အကယ်ဒမီနေတိုးရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့အတွက် ရန်ကုန်မြို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ မိသားစုလိုက်သွားရောက်ပြီး ဆေးပဒေသာပင်အတွက် ကျပ်သိန်း ၅၀ မ, တည်လှူဒါန်းခဲ့ပါတယ်။
“ကျွန်တော်ရဲ့မွေးနေ့လေးမှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ ငွေကျပ် သိန်း ၅၀ ကို ဆေးပဒေသာပင်အတွက် မတည်အလှူအဖြစ် လှူဒါန်းဖြစ်ပါတယ်ခင်ဗျ။ ဤကောင်းမှုအစုစုအား ခုနှစ်ရက်သားသမီးများအားလုံး ကုသိုလ်အမျှရရှိကြပါစေ”လို့ အကယ်ဒမီ နေတိုးကပြောပါတယ်။
အဆိုပါ လှူဒါန်းမှုကိုတော့ နှစ်ဖက်သော ဖခင်၊ မိခင်တို့နဲ့အတူ ဇနီးဖြစ်သူ သဲစုမြတ်ရွှေ သားလေး ဂုဏ်ရှိန်တိုးတို့က ဇီဝိတဒါနသံဃာဆေးရုံကြီးမှာ ဆေးပဒေသာပင်ကို မတည်ပြီး ကျပ်သိန်း ၅၀ ကို စက်တင်ဘာ ၉ ရက်မှာကျရောက်တဲ့ အသက် ၄၅ နှစ်ပြည့်မွေးနေ့မှာ သွားရောက်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
နေတိုးဟာမြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်း မင်းသားတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် မိုးညအိပ်မက်ဖြူ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ၊ ၂၀၁၅ ခုနှစ်မှာ နက္ခတ်မှားတဲ့ တိုက်ပွဲ ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၇ ခုနှစ်မှာ တာတေကြီး ဇာတ်ကားကြီးနဲ့ အမျိုးသားဇာတ်ဆောင်ဆု ၂၀၁၈ ခုနှစ်က Star Awards ဆု၊ ၂၀၁၉ခုနှစ်က Myanmar Pride Award ဆုနဲ့ ၂၀၂၄ ခုနှစ်က နှောင်ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင် ဆုတွေကို ရရှိထားသူလည်းဖြစ်ပါတယ်။
“Happy Birthday ပါ ကိုကို ..မွေးနေ့လေးမှစ…စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဖြစ်ချင်တဲ့ စိတ်ကူး အိမ်မက်နှင့် လိုအင်ဆန္ဒဟူသမျှပြည့်ဝပါစေလို့ ချစ်တဲ့ သဲလေး နှင့် သားသား ဂုဏ်ရှိန်လေးတို့မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် အသက်တွေကြီးလာတာနှင့်အမျှ ပိုချစ်သွားကြမယ်နော်”လို့ ဇနီးဖြစ်သူ သဲစုမြတ်ရွှေကလည်း မွေးနေ့ဆုတောင်းစကားလေး ပြောထားပါတယ်။
#နေတိုး #NayToe #သဲစုမြတ်ရွှေ #ThaeSuMyatShwe #BirthdayDonation #CeleBirthday #MyanmarCelebrity
