၁၀.၉.၂၀၂၆
Written By Thandar
Mal Chi Floral House ကဦးစီးကျင်းပမယ့် ဒုတိယအကြိမ်မြောက် Florist Contest 2026 နဲ့ ပညာဒါန အဖြစ် အခြေခံပန်းအလှဆင်သင်တန်းအခမဲ့ဖွင့်လှစ်သင်ကြားပေးမယ့်အကြောင်း မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးမြို့ပြအိမ်ရာ ဈေးကြီးလမ်းရှိ Mal Chi Floral House၊ Tower C-2 မှာကျင်းပခဲ့ပါတယ်။
“ကျွန်မအနေနဲ့ သင်တန်းဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို လမ်းမပျောက်စေချင်တာ။ ကိုယ့်တုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေ မကြုံစေချင်လို့ ဒီသင်တန်းကို ဖွင့်လှစ်ခဲ့တာပါ။ ကိုယ့်ဆီမှာ သင်တန်းတွေတက်ရောက်ပြီးတော့ ခုချိန်မှာ ပထမအကြိမ် သင်တန်းဆင်းတဲ့ ကလေးတွေကအလုပ်အကိုင်တွေရရှိနေတယ်ဆိုတာ သိရတော့ ကိုယ်လုပ်ပေးရကျိုးနပ်တယ်။ သင်တန်းတက်ရောက်ခဲ့သူတွေကလည်း တကယ်ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားတယ်။ အရင်နှစ်က ကလေးတွေဆိုရင် လမ်းကြောင်းတစ်ခုပေါ် ရောက်သွားတာကို ပီတိအရမ်းဖြစ်ရတယ်”လို့ Mal Chi Floral House တည်ထောင်သူ မယ်ချည်က MT Entertainment ကိုပြောပါတယ်။
အဆိုပါမိတ်ဆက်ပွဲမှာ မိတ်ကပ်ပညာရှင် ပန်းအလှဆင်ပညာရှင် မာမီကျော်၊ မယ်ချည်စတဲ့သူတွေ တက်ရောက်ခဲ့ပြီး ယခုနှစ်ကျင်းပတဲ့ Florist Contest 2026 ပြိုင်ပွဲအစီအစဉ်တွေနဲ့ ဆုချီးမြှင့်မယ့် ကဏ္ဍတွေအပြင် ပန်းအလှဆင်ပညာကို စိတ်ဝင်စားသူတွေအတွက် အခမဲ့ဖွင့်လှစ်သင်ကြားပေးမယ့် ပညာဒါနအခြေခံ ပန်းအလှဆင်သင်တန်းအကြောင်းတွေကို မိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။
Mal Chi Floral House ရဲ့ Florist Contest 2026 က ပန်းအလှဆင်ပညာရပ်ကို စိတ်ဝင်စားသူတွေ၊ ဝါသနာရှင်တွေနဲ့ လူငယ်တွေအတွက် ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အလမ်း တစ်ရပ်အနေနဲ့ ပန်းအလှဆင်ပညာရပ်ကို ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ဖွင့်လှစ်သင်ကြားနေတာလည်း ဖြစ်ပါတယ်။ ပန်းအလှဆင်ပညာကို စိတ်ဝင်စားပြီး အခွင့်အလမ်းမရသေးတဲ့ လူငယ်တွေကို အခြေခံမှ စတင် လေ့လာလိုသူတွေအတွက် ပညာဒါနသင်တန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။
“ကလေးတွေထဲမှာ တကယ်ကိုတော်ပြီး အမြင်ရှိကြတဲ့ ရွက်ပုန်းသီးကလေးတွေ အများကြီးပဲ။ တချို့က ဘုရားပန်းထိုးတတ်ရုံလောက်ပဲဆိုပြီး လာကြတဲ့သူတွေလည်းရှိတယ်။ တချို့ကလေးတွေက ပန်းကို လက်နဲ့ထိလိုက်တာနဲ့ သူတို့က ပါရမီရှင်ဆိုတာ အတွေ့အကြုံအရ သိတယ်။ တချို့ကလေးတွေဆိုရင် သင်တန်းထဲမှာ အနောက်မှာထိုင်ပြီး ဖုန်းသုံးနေတယ်၊ စကားတွေပြောနေကြတယ်။ မာမီတို့က ဆူလို့လည်းမရ၊ ပြောလို့လည်းမရဘူး။ သူတို့ခပ်သလောက် သူတို့ရသွားမှာပါ”လို့ မိတ်ကပ်ပညာရှင် ပန်းအလှဆင်ပညာရှင် မာမီကျော်က ပြောပါတယ်။
