နေမိုး
၈. ၉. ၂၀၂၆
ရခိုင်အကြမ်းဖက် AA နယ်မြေလုထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့ကို လေကြောင်း၊ ရေကြောင်းကနေ ချေမှုန်းရာမှာ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ AA က ဒီနေ့ ဝန်ခံပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့တွေကို တိုက်ခိုက်ဖျက်ဆီးသိမ်းယူတဲ့ AA ၊ TNLA နဲ့ MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဒီလိုအကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းတော့မှာဖြစ်လို့ အကြမ်းဖက်တွေအကြား ပြည်သူတွေမနေဖို့ တပ်မတော်က ကမ္ဘာသိအောင် ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေတွေ အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာမှာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်မှာတော့ AA ထိန်းချုပ်ရာဒေသတွေဟာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဆင်ခံနေရတာပါ။
ဒီလို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် AA အကြမ်းဖက် လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာတွေလို့ ရခိုင်ပြည်သူတွေက သတင်းပေးပို့လာတဲ့နေရာတွေကို မနေ့က စက်တင်ဘာလ (၇) ရက်၊ နံနက် (၁၀) နာရီ (၂၇) မိနစ်အချိန်ကစ လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ သံတွဲမြို့ကို ဂျက်တိုက်လေယာဉ် တစ်စီးနဲ့ (၂) ကြိမ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ အဆိုပါ ဗုံးသီးတွေဟာ သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့လို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရတဲ့အပြင် နေအိမ် (၈) လုံးပျက်စီးသွားတယ်ဆိုပါတယ်။

ဒါ့အပြင် ဂွနဲ့ သံတွဲ ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေပေါကလည်း နံနက် (၁၁) နာရီ ( ၂၆) မိနစ် အချိန်နေ မွန်းတည့် (၁၂) နာရီအချိန်အထိ ကမ်းခြေတစ်လျှောက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သေးတာပါ။
အလားတူ နေ့လယ် (၂) နာရီ (၅၂) မိနစ်အချိန်ခန့်မှာလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာနဲ့ စပါးကြီးရွာတို့ကို ထပ်မံ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် (၈) လုံး ပျက်စီးသွားပါတယ်။
ဒီတိုက်ခိုက်မှုတွေအပြင် နံနက် (၉) နာရီခွဲအချိန်ခန့်မှာလည်း ပုဏ္ဏားကျွန်းမြိုနယ်၊ ဖက်ကျ ကျေးရွာကို ဂျက်တိုက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ် (၄) လုံး ပျက်စီးခဲ့တယ်ပြောပါတယ်။
AA က ရခိုင်နယ်မြေတွေ လုယက်ထိန်းချုပ်ပြီး လူငယ်တွေ ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေတာကြောင့် ရခိုင်ပြည်သူအများစုဟာ AA ဘေးလွတ်ရာ ပြည်ပနိုင်ငံတွေနဲ့ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန်မှာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတွေမှာ AA လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ အများစု နေထိုင်နေကြသလို AA ကလည်း ဗုံးကြဲခံရတိုင်း လက်နက်ကိုင်တွေ သေဆုံးမှု ထိမ်ချန်ထားပြီး သေသူတွေက ပြည်သူတွေလို့ပဲ လိမ်လည်ထုတ်ပြန်လေ့ရှိတာကြောင့် အခုသေဆုံးသူ တစ်ဦးဟာ AA လက်နက်ကိုင်တွေနဲ့ သူတို့မိသားစုဝင်တွေလား။ ဒါမှမဟုတ် ပြည်သူတွေလားဆိုတာ မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်တဲ့ သေဆုံးသူ တစ်ဦးရှိတယ်ဆိုတာပဲ ဖော်ပြပေးတာဖြစ်ပါတယ်။
