နေမိုး
၈. ၉. ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လူမှုကူညီရေး မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအထက်တန်းကျောင်း(မောတောင်) မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဖြူဖြူသွယ်(၄၅)နှစ်နှင့် ဦးဇော်မင်းထွန်း(ခ)သားကြီး(၃၃)နှစ်တို့သည် “သင်္ဂဟမိတ္တ” လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် တနင်္သာရီမြို့မှ မောတောင်မြို့သို့ ထွက်ခွာလာစဉ် သိန်ခွန်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်ပေါ် ပါလာသူ ဦးဇော်မင်းထွန်း(ခ)သားကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ မောတောင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
